
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဦးဆောင်သူလွှတ်တော်အမတ် ၁၇ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားသည်ကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြီး တရားစွဲဆိုမှုကို အထူးတလည် တုံ့ပြန်သွားမည်မဟုတ်ကြောင်း ပြောသည်။
“အရင်ကတည်းကလည်း စစ်အာဏာရှင်တွေကို အစိုးရတစ်ရပ်အနေနဲ့လည်း အသိအမှတ်မပြုထားခဲ့ဘူး၊ နိုင်ငံတကာကလည်း အသိအမှတ်မပြုဘူးပေါ့၊ အသိအမှတ်မပြုတော့ သူတို့က အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားစွဲတယ်ဆိုတာ တော်တော့ကို လွန်နေပြီ” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၅ တွင် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်၌ ပြုလုပ်သည့်အစည်းအဝေးတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရဖွဲ့စည်းမှုများအား အရေးယူရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပြီးနောက် CRPH အဖွဲ့ဝင်များအား အမှုဖွင့်၊ တရားစွဲဆိုလာခြင်းဖြစ်သည်။
CRPH ကို ထောက်ခံကြောင်း တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နေ့လယ် ၁ နာရီခန့်၌ လူအများက ဆန္ဒထုတ်ဖော်ခဲ့သည်။
“ CRPH က ပြည်ထောင်စုလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပဲ စုဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တယ်၊ တရားဝင်အဖွဲ့အစည်းဖြစ်တယ်၊ သံတမန်ရေးရာအရ အာမခံမှုရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ လက်ရှိအာဏာချုပ်ကိုင်ထားတဲ့ စစ်အစိုးရကို ကျွန်တော်တို့မယုံကြည်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုရဲ့မဲဆန္ဒနဲ့ ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေက ဖွဲ့စည်းထားတဲ့ CRPH ကို ကျွန်တော်တို့ ထောက်ခံခြင်းဖြစ်ပါတယ်” ထောက်ခံပွဲတွင်ပါဝင်သူ ကိုချစ်ကိုကိုက ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို လွှဲယူလိုက်ပြီး တတိယအကြိမ်လွှတ်တော်များကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းခဲ့သည်။
လွှတ်တော်ဖျက်သိမ်းခံလိုက်ရပြီးနောက် ပြည်ထောင်စုလွှတ်တော်အမတ် ၁၇ ဦးက ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ ၅ တွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၇၈ ဦး၏ တာဝန်လွှဲအပ်မှုဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ဥပဒေပြုရေးအပါအဝင် လွှတ်တော်တာဝန်များ ထမ်းဆောင်မည်ဟု ကြေညာထားသည်။
အဆိုပါကော်မတီက နိုင်ငံ့ဝန်ထမ်းများအား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တိုက်တွန်းထားပြီး ဝန်ထမ်းများ၏ မူလအခွင့်အရေးအတိုင်း ပြန်ရရှိရေး ကာကွယ်ပေးသွားမည်ဟု ဖေဖော်ဝါရီ ၁၁ တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ထုတ်ပြန်လိုက်သော နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးဥပဒေ နှစ်ရပ်လုံးသည် တရားမဝင်သည့်အတွက် ပြည်သူများ လိုက်နာရန်မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြုကော်မတီက ဖေဖော်ဝါရီ ၁၄ တွင် ကြေညာချက်ထုတ်ခဲ့သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) သည် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရပါက နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။