
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် စစ်ကောင်စီက ကမ်းလှမ်းခဲ့သည့်အပေါ် ပြည်နယ်၊ စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးထလာဟရဲက ငြင်းပယ်လိုက်သည်။
ဦးထလာဟရဲသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီ ဥက္ကဋ္ဌ (သို့မဟုတ်) အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီ ၁၅ က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
“ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မဟုတ်ရင် အဖွဲ့ဝင်ပေါ့။ ဝန်ကြီးရာထူးပေါ့။ တစ်ခုခုပေါ့။ ကိုယ်ရေးရာဇဝင်လေးပို့ပြီး ပေးမယ်ဆိုပြီး ကမ်းလှမ်းချက်ပေါ့။ အဲဒီလိုကမ်းလှမ်းတော့ ကျွန်တော်က မိသားစုတွေနဲ့လည်း တိုင်ပင်တယ်။ ကျွန်တော့်ခံယူချက်လည်း ဖြစ်တယ်။ အဲ့ဒါကြောင့် ငြင်းပယ်လိုက်ပါတယ်” ဟု အသက် ၆၂ နှစ်အရွယ် ဦးထလာဟရဲက ပြောသည်။
ချင်းပြည်နယ်စီမံအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ခဲ့သည့် ဦးတဲရင့်စမွိုင်းနီခွဲ သည် တာဝန်ထမ်းဆောင်ပြီး တစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီ ၁၁ တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့၍ ယင်းနေရာမှာ လစ်လပ်နေခြင်းဖြစ်သည်။
လစ်လပ်နေသည့် ချင်းပြည်နယ်စီမံအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌနေရာအတွက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တို့ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီက ကမ်းလှမ်းခဲ့သော်လည်း လက်မခံရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
“ပါတီရဲ့ မူအရ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ထားတယ်။ အခုဟာက ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း မဟုတ်တဲ့အတွက် အဲ့ဒါနဲ့ အတူတူလက်တွဲပြီး လုပ်ဆောင်ဖို့ အဆင်မပြေဘူး။ အဲ့ဒါက ဘယ်အဖွဲ့အစည်းမလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က မူအရပဲ သွားပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
NLD နှင့် ကာလရှည်ကြာ မဟာမိတ်အဖြစ်ရပ်တည်ခဲ့သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်နေရာအတွက် ကမ်းလှမ်းခဲ့သော်လည်း ပါတီက ငြင်းပယ်ခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က ပြောသည်။
တိုင်းဒေသကြီး ပြည်နယ်အုပ်ချုပ်ရေးကောင်စီများတွင် ကောင်စီဥက္ကဋ္ဌ၊ တပ် အရာရှိ ၁ ဦး၊ ဒေသကိုယ်စားပြုသူ တစ်ဦး (သို့မဟုတ်) နှစ် ဦး၊ တိုင်း/ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး၊ ရဲတပ်ဖွဲ့မှူးနှင့်အဆင့် အထွေအထွေအုပ်ချုပ်ရေးမှူး တို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ဦးငွန်ဆန်းအောင်နှင့် ဦးဂိုဆွင်းခိုင်တို့ကို ခန့်အပ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ဦးဂိုဆွင်းခိုင်က ငြင်းပယ်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်အား ပြည်နယ်ကောင်စီတွင် ပါဝင်သည့်အပေါ် ရှုတ်ချကြောင်း မတူပီမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ NLD ပါတီက စုစုပေါင်း မဲဆန္ဒနယ် ၃၉ နေရာတွင် ၃၆ qနေရာ အနိုင်ရရှိခဲ့ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂ နေရာနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာစီ အသီးသီးအနိုင်ရရှိထားသည်။