သတင်း

နိုင်ငံခြားအရန်ငွေကို စစ်တပ် လက်လှမ်းမမီအောင် ထိန်းချုပ်ပေးရန် တိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရပ်ခြား ဘဏ်များတွင် ထားရှိသည့် အရန်ငွေများကို အာဏာသိမ်းစစ်တပ် လက်လှမ်းမမီအောင် ထိန်းချုပ်ပေးရန် စစ်တပ်၏စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာနေသည့် Justice For Myanmar အဖွဲ့အစည်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်သည်။

မြန်မာပြည်သူလူထု၏ ပိုင်ဆိုင်မှုဖြစ်သော နိုင်ငံခြားအရန်ငွေများကို ယခုအခါ အာဏာသိမ်းစစ်တပ်က အသုံးပြုနိုင်သည့် အန္တရာယ်ကို ကြုံတွေ့နေရသည်ဖြစ်ရာ ထိုပိုက်ဆံများကို စစ်တပ်က လက်လှမ်းမမီစေရန် တားဆီးရမည်ဟု Justice For Myanmar ၏ ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်တွင် ဆိုထားသည်။  

“မြန်မာနိုင်ငံမှ အရန်ငွေများ ထိန်းသိမ်းထားသည့် နိုင်ငံခြားဘဏ်များသည် … ငွေကြေးများကို လွှဲပြောင်းရန် တောင်းဆိုလာပါက အလိုအလျောက် လွှဲပြောင်းခြင်း မရှိစေရန်အတွက် သေချာစေရန် ဖြစ်သည်” ဟု Justice for Myanmar က ဆိုသည်။

မြန်မာနိုင်ငံ၏ ကျန်ရှိနေသော နိုင်ငံခြား (အရန်ငွေ) နှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို စစ်ဗိုလ်ချုပ်များက အကန့်အသတ်မရှိ လက်လှမ်းမီနေပါက လူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုအပေါ် ရက်စက်သော ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သလို စစ်အုပ်စု ခိုင်မာရေးအတွက် အရင်းအမြစ်များ ရရှိသွားလိမ့်မည်ဟု Justice For Myanmar က ဆိုသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ ၂၀၂၀ စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် ဒေါ်လာ ၆.၇ ဘီလျံရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းယူမှုကို အရေးယူသည့်အနေဖြင့် အမေရိကန်ရှိ မြန်မာအစိုးရ၏ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလျံကို စစ်တပ်ဗိုလ်ချုပ်ကြီးများ လက်လှမ်းမမီစေရန် ထိန်းချုပ်ထားမည်ဟု သမ္မတဘိုင်ဒင်က ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သည်။

အခြားနိုင်ငံအစိုးရများသည်လည်း အလားတူအရေးယူဆောင်ရွက်မှုကို အမြန်ဆုံးလုပ်ဆောင်ပေးရန် Justice For Myanmar က ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

နိုင်ငံခြားအရန်ငွေကို စစ်တပ်က လက်လှမ်းမမီအောင် ထိန်းချုပ်ပေးရန်အပြင် နိုင်ငံတကာ ဘဏ်စနစ်များ၊ နည်းပညာအကူအညီ အထောက်အပံ့များကို စစ်တပ်ပိုင် ဘဏ်များနှင့် ယင်းတို့ ထိန်းချုပ်သည့် ဘဏ်များ လက်လှမ်းမမီအောင် ကာကွယ်ပေးရန်နှင့် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များကလည်း အာဏာသိမ်းစစ်တပ်နှင့် အဆက်အဆံဖြတ်ရန် အဆိုပါအဖွဲ့က ထည့်သွင်းတောင်းဆိုထားသည်။

“နိုင်ငံခြားဘဏ်များအနေဖြင့် စစ်တပ်ထိန်းချုပ်မှုအောက်တွင် ထိုဘဏ်များနှင့် ဆက်လက်၍ လုပ်ငန်းလုပ်ကိုင်ပါက ၎င်းတို့သည် စစ်အုပ်စု ပေါ်ထွန်းလာမှုနှင့် တိုင်းရင်းသား ပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် (လူ့အခွင့်အရေးချိုးဖောက်မှု) ပြစ်မှုများ အပါအဝင် မြန်မာပြည်သူများအပေါ် စစ်တပ်က ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နေမည် ဖြစ်သည်” ဟု ဆိုသည်။

စစ်အာဏာသိမ်းမှု မတိုင်မီ ရက်ပိုင်းအလို ၂၀၂၁ ဇန်နဝါရီလအတွင်းက IMF သည် မြန်မာနိုင်ငံအတွက် အရေးပေါ် ချေးငွေ ကန်ဒေါ်လာ သန်း ၃၅၀ ပေးခဲ့ပြီး IMF အနေဖြင့် ယင်းချေးငွေကို ပြန်လည်ရရှိရန် အလားအလာ နည်းသွားပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရပ်ခြား အရန်ငွေများကို စီမံခန့်ခွဲသည့် ဗဟိုဘဏ်သည် ဥပဒေအရ လွတ်လပ်သော ဘဏ်ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးနေရာတွင် လူပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့အပြင် ဗဟိုဘဏ်၏ ဒု ဥက္ကဋ္ဌ သုံးဦးအနက် တစ်ဦးဖြစ်သော ဦးဘိုဘိုငယ်သည်လည်း စစ်တပ်အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ စစ်အာဏာသိမ်းသည့်နေ့ ဖေဖော်ဝါရီ ၁ မှ ၁၅ အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၀၀ ကျော် ရှိခဲ့ပြီး ၎င်းတို့အနက် ၃၆၀ ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု သိရသည်။

ရွေးကောက်ပွဲမဲစာရင်းမှားသည်ဟု စွပ်စွဲပြီး အာဏာသိမ်းတက်လာသည့် စစ်ကောင်စီက ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ဗေဒင်ဆရာ၊ နိုင်ငံရေးသမား၊ ရွေးကောက်ပွဲကော်မရှင်လူကြီးများကို ဖမ်းထားသည်။

Show More

Related Articles

Back to top button