
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့်လူအုပ်ထဲမှ မိန်းကလေးတစ်ဦးအပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၁၆ နေ့လယ်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်။
သံတွဲမြို့၏ အချက်အချာကျသည့် မာဃလမ်းမကြီးပေါ်တွင် စုရပ်အဖြစ်သတ်မှတ်ပြီး မြို့ပတ်ဆန္ဒပြရန် စီစဉ်နေကြစဉ် ရဲတပ်ဖွဲ့က ယင်းလမ်းမကို ပိတ်ဆို့လိုက်သဖြင့် ဆန္ဒပြသူများသည်လည်း လမ်းမပေါ်တွင် ထိုင်လျက်ဆန္ဒပြခဲ့ကြသည်။
ထိုသို့ဆန္ဒပြနေစဉ် ၁၇ အရွယ် ကျောင်းသူ၊ အသက် ၂၀ ဝန်းကျင် ကျောင်းသားနှင့် အသက် ၃၀ အရွယ် အရပ်သားတို့ကို ရဲက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ထိုင်ပြီးတော့ အေးအေးဆေးဆေး ဆန္ဒပြတယ်။ ကိုယ့်ဘာသာကိုယ် ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတဲ့ အချိန်မှာ အရပ်ဝတ်နဲ့ နှစ်ယောက်သုံးယောက်ရယ်၊ မြို့နယ်မှူးပါတယ်၊ ရဲတွေပါတယ်။ ရှေ့က အရပ်ဝတ်နဲ့ ဓာတ်ပုံရိုက်သလိုနဲ့ ဝင်လာပြီးတော့ ဖမ်းခေါ်သွားတာ။ ရဲကားပေါ်ကို တွန်းတင်သွားတာ”ဟု ၎င်းက ဆိုသည်။
ဆန္ဒပြရာတွင် ပညာရေး၊ ကျန်းမာရေးဝန်ထမ်း စသည့် အလွှာစုံမှ ပုဂ္ဂိုလ် ၃၀၀ ကျော်ခန့်ပါဝင်ပြီး “အာဏာရှင်စနစ်ကျဆုံးရေး ၊ ရုံးမတက်နဲ့ ရုန်းထွက် ”စသည်များကို ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ပြီး ဆန္ဒပြနေသည်မှာ ၈ ရက် ရှိပြီ ဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးခံနေရသည့် ဆန္ဒပြသူသုံးဦးကို သံတွဲရဲစခန်းတွင် ထိန်းသိမ်းထားကြောင့် ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြလူအုပ်သည် ရဲစခန်းရှေ့တွင် ထိုင်ပြီး ဆန္ဒပြလျက်ရှိသည်။
ထို့ပြင် ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးလည်း ရဲစခန်းသို့ သွားရောက်ကာ ၎င်းသုံးဦးကို လွှတ်ပေးရေးအတွက် သွားရောက်ညှိနှိုင်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် ပါဝင်သူသုံးဦးကို ဖမ်းဆီးသွားခြင်းအပေါ် မတရားလုပ်ရပ်ဖြစ်သည်ဟုလည်း ဆန္ဒပြရာတွင် ပါဝင်သည့် အဆိုပါအမျိုးသမီးက ပြောသည်။
“မတရားလုပ်လိုက်တာပေါ့။ အားလုံးလည်း ဒေါသထွက်နေကြတယ်။ ဘာမှ မပြောမဆိုဘဲနဲ့ အဲဒီလိုမျိုး ဖမ်းသွားတာ”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရာတွင် ယခင်ရက်များကတည်းက ရဲတပ်ဖွဲ့က လမ်းမများကို ပိတ်ထားသောကြောင့် ထိုင်သပိတ်ဆင်နွှဲခဲ့ရပြီး ထိုင်သပိတ်ကို လူစုခွဲရန် ပြောဆိုမှုများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ က တပ်မတော်က အရပ်သားအစိုးရကို ထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်အာဏာရယူကာ စစ်ကောင်စီဖွဲ့လိုက်သောကြောင့် နိုင်ငံအနှံ့အပြားတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ အရှိန်မြင့်တက်နေသည်။
ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်တို့တွင် ပြုလုပ်နေသည်။
ဆန္ဒပြမှုကြောင့် အမ်းတွင် လူငယ် ငါးဦး ၊ တောင်ကုတ်တွင် NLD အမတ် ဦးမင်းအောင်အပါအဝင် နှစ်ဦး အဖမ်းခံထားရသည်။