သတင်း

CDM ဆရာဝန်များရှိသည့် စဝ်စံထွန်းဆေးရုံကို ရဲက အင်အားဖြင့် ဝင်ရောက်

ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်နေသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ယမန်နေ့ (ဖေဖော်ဝါရီ ၁၅) မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆရာဝန်များအဆောင်မှ အခန်းတံခါးကို ဖွင့်ရန် ကြိုးပမ်းခဲ့သည်ဟု အဆိုပါ ဆေးရုံမှ ဆရာဝန်သုံးဦးက ပြောသည်။

အချုပ်ကားတစ်စီး အပါအဝင် ရဲကား ၁၀ စီးခန့်ဖြင့် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အဆောင်ရှိ ဆရာဝန်များက သံပုံးတီးအချက်ပေးခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူရာချီ လာရောက်ဝန်းရံပေးခဲ့သည်ဟုလည်း အဆိုပါ ဆရာဝန်များက ဆိုသည်။

“(အဆောင်ဘက်ကို) ရဲတွေ အများကြီးလာနေတယ်ဆိုလို့ ထွက်ကြည့်တော့ တကယ်လည်း အများကြီးပဲ။ ၂၀၊ ၃၀ လောက်ရှိမယ်။ လက်နက်တွေလည်း ပါတယ်” ဟု ရဲများ လာရောက်ချိန်တွင် ဆရာဝန်အဆောင်၌ ရှိနေသည့် လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။

၎င်းနေထိုင်ရာ အခန်း၏ တံခါးကို ၁၀ မိနစ်ခန့် ထုကာ ဖွင့်ရန်ကြိုးပမ်းခဲ့သည်ဟုလည်း အသက် ၂၈ နှစ်အရွယ် အဆိုပါ ဆရာဝန်က ဆိုသည်။

ယင်းအခန်းဘေးတွင် နေထိုင်သည့် အခြားလက်ထောက်ဆရာဝန်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်ကို အတည်ပြုပြီး ရဲတပ်ဖွဲ့ဝင်များက မည်သူ့ကို ဖမ်းဆီးရန် လာရောက်ခဲ့သည်ကိုမူ မသိကြောင်း ဆိုသည်။

“အခန်းတံခါး လာခေါက်တာ အခန်းတစ်ခန်းပဲ၊ ကျွန်မတို့ အခန်းတွေကိုတော့ တံခါးလာခေါက်တာတို့ ဖွင့်ဖို့ကြိုးစားတာတွေ မလုပ်ဘူး” ဟု အမည်မဖော်လိုသည့် အဆိုပါ ဆရာဝန်က ပြောသည်။

၁၀ မိနစ်ခန့် တံခါးဖွင့်ရန် ကြိုးပမ်းခဲပြီးနောက် ရဲတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားခဲ့ပြီး မည်သည့်ဆရာဝန်မျှ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း မရှိခဲ့ဟု ၎င်းတို့က ပြောသည်။

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ဆေးရုံအုပ်နှင့် လက်ထောက်ဆေးရုံအုပ်မှလွဲ၍ ကျန်းမာရေးဝန်ထမ်း ၁၅၀ ခန့် CDM တွင် ပါဝင်ပြီး လက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် အထွေထွေဝန်ထမ်း အများစု ဖြစ်သည်ဟု ယင်းဆေးရုံမှ ဆရာဝန်လေးဦးက ပြောသည်။

အခင်းဖြစ်သည့် ယနေ့မနက်ပိုင်းတွင် ဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်နှင့် ဝန်ထမ်းအချို့က ဝန်ထမ်းငယ်များကို အလုပ်ဆင်းရန် ဖိအားပေးလက်မှတ်ထိုးခိုင်းမှု ရှိခဲ့သည်ဟု ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဆေးရုံအုပ်နှင့် ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ယနေ့အထိ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာပြီး ပြည်သူ့ဝန်ထမ်းအများအပြားကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သည်။

ထို့အတူ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖိအားပေးပစ်မှတ်ထားလာသည်။

ပိုမိုပြင်းထန်သော ဖိအားပေးမှုများ ရှိလာပါကလည်း ဆက်လက်အန်တု၍ CDM ကို အဆုံးအထိ လုပ်ဆောင်သွားကာ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်မည်မဟုတ်ဟု စဝ်စံထွန်းဆေးရုံမှ အသက် ၂၆ နှစ်အရွယ် ဆရာဝန်တစ်ဦးက ပြောသည်။

“ဒီစစ်တပ်ကြီးကို လက်မခံနိုင်တာ။ ကိုယ့်ကို အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အတွက်ကြောင့် သူတို့ နိုင်ချင်တာကို လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်ပေါ့နော်” ဟု ယင်းဆရာဝန်က ပြောသည်။

CDM လှုပ်ရှားမှု အောင်မြင်ပြီး ၎င်းတို့ရွေးချယ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပြန်တက်လာမှသာ လုပ်ငန်းခွင်ပြန်ဝင်မည်ဟု စပ်စံထွန်းဆေးရုံမှ အသက် ၃၀ အရွယ် လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို သေနတ်ထောက်ပြီးတော့ ဆေးကုခိုင်းလို့ မရပါဘူး။ ကျွန်တော်တို့က အဲဒီလောက်အထိလည်း ခုခံမှာပါ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၃ တွင် စဝ်စံထွန်းဆေးရုံမှ လက်ထောက်ဆရာဝန်များ ဦးဆောင်၍ CDM တွင် ပါဝင်ခဲ့ပြီး ယခုအခါ ဆေးရုံရှိ အရေးပေါ်ဌာနနှင့် အတွင်းလူနာဆောင်များ ပိတ်ထားရပြီဖြစ်သည်ဟု အဆိုပါ ဆရာဝန်များက ပြောသည်။

မြို့အများအပြားတွင် အိမ်အထိ သွားရောက်ဖမ်းဆီးမှုကို လူခြေတိတ်ချိန်တွင် ပြုလုပ်လျက်ရှိပြီး ထိုအချိန်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။

ယခင်နေ့များက အင်တာနက်မဖြတ်ဘဲ ဝင်ရောက်ဖမ်းဆီးမှုများရှိရာ ထိုဖြစ်ရပ်များကို ဖုန်းဖြင့် မှတ်တမ်းတင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။

Show More

Related Articles

Back to top button