သတင်း

မန္တလေးဘဏ် (၁) ရှေ့ ဆန္ဒပြသူများကို တပ်နှင့်ရဲက အင်အားသုံးဖြိုခွင်း 

မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် (၁) ရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို ယနေ့ (ဖေဖော်ဝါရီ ၁၅) ညနေ ၄ နာရီခန့်တွင် စစ်တပ်က သတိပေးခြင်းမပြုဘဲ အင်အားသုံးဖြိုခွင်းခဲ့သည်။ 

၂၆ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁) တွင် ရုံးတက်လျက်ရှိသော ဝန်ထမ်းများအား အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်ရန် ပြည်သူများက “ရုံးမတက်နဲ့ ရုန်းထွက်” ကြွေးကြော်သံများဖြင့် နံနက် ၉ နာရီခန့်ကတည်းက ယင်းဘဏ်ရှေ့တွင် လူဦးရေရာချီဖြင့် ဆန္ဒပြနေကြခြင်းဖြစ်သည်။ 

ညနေ ၄ နာရီခန့်အချိန်တွင် ဆန္ဒပြနေရာအနီးသို့ စစ်ကားများနှင့် ရဲကား အနည်းဆုံး ၁၀ စီးခန့် ရောက်ရှိလာပြီး အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ယူနီဖောင်းဝတ်များက ဘဏ်ရှေ့မရောက်မီ ကားပေါ်မှ ဂုံးသီးများ၊ စတီးဘောလ်ကျည်ဆန်များဖြင့် ဆန္ဒပြလူအုပ်အတွင်းသို့ တရစပ်ပစ်ခတ်ခဲ့သည်ဟု အခင်းဖြစ်သည့်နေရာရှိ Myanmar Now သတင်းထောက်၏ အဆိုအရ သိရသည်။ 

လမ်းကြောင်းမပိတ်ရန် ဆန္ဒပြလူအုပ်ကို မြို့နယ်မှူးက လာရောက်သတိပေးသည်မှလွဲ၍ ဖြိုခွင်းမည်ကို ကြိုတင်သတိပေးခြင်းမရှိဟု ၎င်းက ဆိုသည်။ 

စစ်သားများက ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူများအပြင် အခင်းဖြစ်ပွားရာ အနီးပတ်ဝန်းကျင် နေအိမ်များရှိ အခြေအနေထွက်ကြည့်သူများ၊ ဈေးဝယ်သူများပါ ပစ်ခတ်ခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ 

“ကျွန်တော်တို့ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနေတာကို သူတို့ (စစ်တပ်) ဘက်က သတိပေးခြင်း ဘာမှမရှိဘဲ အလစ်အငိုက်မှာ ဝင်ပြီးတိုက်ခိုက်တာပါ” ဟု ၎င်းဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုလတ်က ပြောသည်။ 

ဆန္ဒပြလူအုပ်နေရာသို့ လာရောက်ဖြိုခွင်းခဲ့သည့် တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

ပစ်ခတ်မှုကြောင့် အနည်းဆုံးလူသုံးဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားခံရသည်ကို တွေ့ခဲ့ရပြီး ဖြစ်စဉ်ကို သတင်းရယူနေသည့် သတင်းထောက်တစ်ဦးလည်း ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည်။ သတင်းယူနေခြင်းဖြစ်ကြောင်း ပြောဆိုမှသာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု အဆိုပါသတင်းထောက်က ဆိုသည်။ 

“ဒဏ်ရာရတဲ့သူနှစ်ယောက်ကို စစ်တပ်ကနေ လူမှုကူညီရေးအသင်းက သွားခေါ်တော့ ချက်ချင်း ပြန်ထည့်ပေးလိုက်တယ်။ အဲဒီလူတွေကိုတော့ ပြန်ခေါ်လာပြီး ဆေးကုပေးနေတယ်။ မျက်စိရှေ့မှာ ၂ ယောက် ဖမ်းခံရတယ်။ နောက်ကနေ တောက်လျှောက်ပြေးလိုက်ပြီး အဖွဲ့လိုက်ဖမ်းတယ်” ဟု မြေပြင်၌ သတင်းရယူနေသော သတင်းသမားတစ်ဦးက ပြောသည်။ 

ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံထားရသူ အရေအတွက်အတိအကျကိုမူ Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။ 

“ကျွန်မက ၁၈လမ်းမှာ နေတာ၊ စျေးဝယ်လာတာ၊ ရဲကားတွေအများကြီး ရောက်လာတော့ ရပ်ကြည့်နေရင်း ပစ်တော့ ဝင်ပြေးတာ မမီလိုက်ဘူး၊ ဘယ်ကပစ်သွားတယ် မသိလိုက်ဘူး၊ အခုခေါင်းကို ထိသွားတယ်။ ကိုယ်ဘာမှမလုပ်ဘဲ ပစ်ခံရတာ” ဟု ဒဏ်ရာရရှိသူ အသက် ၄၅ နှစ်အရွယ် ဒေါ်နုနုလွင်က ဆိုသည်။

ဖြိုခွင်းမှုအပြီး စစ်တပ်က ဘဏ် (၁) ရှိရာ ၈၂ လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းထောင့်တွင် စစ်ကားများဖြင့် အင်အား ၅၀ ဝန်းကျင်ခန့်က လုံခြုံရေးယူပြီးဖြစ်ကြောင်း ၎င်းဘဏ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

မန္တလေး ဂျွန်းဗလီဝင်းတွင် နေထိုင်သူ အမျိုးသမီးသုံးယောက်မှာ ဆန္ဒပြခြင်းမရှိသော်လည်း ချေမှုန်းချိန်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု ၎င်းတို့အနက်မှ တစ်ဦး၏ မိသားစုက ပြောသည်။ အသက် ၆၅၊ ၁၇၊  ၁၄ နှစ် အရွယ် အမျိုးသမီးတို့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် စိတ်ပူသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button