ဆောင်းပါး

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ ခေါင်းဆောင်ဘယ်သူလဲ

စစ်တပ်က အာဏာသိမ်းအပြီး ၆ ရက်အကြာ ပူပြင်းသည့် မနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့၏ အထင်ကရနေရာ လှည်းတန်းလမ်းဆုံသို့ အာဏာဖီဆန်ရေးဆိုင်းဘုတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံများနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ ကိုယ်စီ  ဆုပ်ကိုင်ထားသည့် လူအုပ်ကြီးက အရပ်ရှစ်မျက်နှာမှ စီးဆင်းလာကြသည်။ 

ထောင်သောင်းချီသော ပြည်သူလူထုက အဆိုပါလမ်းဆုံဘက်သို့ လမ်းအသွယ်သွယ်မှ ချီတက်လာကြခြင်းဖြစ်သည်။ 

မနက်အစောပိုင်း၌ပင် အမျိုးသမီးအလုပ်သမား ထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းတစ်ခု လှိုင်သာယာမှ ချီတက်လာပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ဥက္ကဋ္ဌ မအိသဉ္ဇာမောင်က ထိုအဖွဲ့ကို ဦးစီးခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားသော အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်သည့် ကျောင်းသားသမဂ္ဂသပိတ်တွင် ထင်ရှားစွာ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ရန်ကုန်၌ စတင်သော အမျိုးသမီးအလုပ်သမားသပိတ်စစ်ကြောင်းမြင်ကွင်းမှာ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။ အမျိုးသမီးများကို ချီးကျူးခဲ့ကြပြီး ဤလှုပ်ရှားမှုက လူအများ လမ်းပေါ်ထွက်ဆန္ဒပြ ကြွေးကြော်ကြရန် တွန်းအားတစ်ခုဖြစ်လာသည်။ 

မအိသဉ္ဇာမောင်က “စစ်တပ်က ဦးဆောင်တဲ့ အမည်ခံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတာက ဒီကနေ့ ဒီကာလမှာ ကျဆုံးသွားပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းခြင်းရဲ့ အဆိုးဆုံးရလဒ်တွေကို တိုက်ရိုက်ခံစားရမှာတော့ ကျွန်မတို့ ပြည်သူတွေပဲဖြစ်ပါတယ်။ အဲ့လိုပဲ စစ်အာဏာသိမ်းမှုကို တွန်းလှန်ကြရမယ့် နေရာမှာလည်း ကျွန်မတို့ကိုယ်တိုင်ပဲ တွန်းလှန်ကြရမှာ ဖြစ်ပါတယ်။ စစ်တပ်ပြုသမျှ နုကြရမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ကို အလုံးစုံ ရဲရဲဝံ့ဝံ့အဆုံးသတ်ပြီးတော့မှ တော်လှန်တဲ့ နိုင်ငံရေးဦးဆောင်မှုအသစ်ကို ပြည်သူ့အင်အားစစ်စစ်နဲ့ တည်ဆောက်ကြရတော့မယ့် အချိန်ကာလဖြစ်ပါတယ်”ဟု လမ်းပေါ်မတက်ခင် တစ်ရက်အလို ဖေဖော်ဝါရီ ၅ တွင် Facebook လူမှုကွန်ရက်အသုံးပြု၍ လူထုကို စည်းရုံးခဲ့သည်။

အမျိုးသမီးသပိတ်စစ်ကြောင်းနှင့် တစ်ပြိုင်နက်ပင် လှည်းတန်းမီးပွိုင့်လမ်းဆုံ အရပ်ရှစ်မျက်နှာ၌ လူများစုဝေးလာပြီး ခေါင်းဆောင်တိုင်ပေးသူ မရှိပါဘဲ စစ်အာဏာရှင်အလိုမရှိဟု သံပြိုင်ကြွေးကြော်သံများ တစ်ခဲနက်ထွက်ပေါ်လာကာ လူထုဆန္ဒပြပွဲ ရန်ကုန်တွင် စတင်တော့သည်။ ထို့နောက် နာရီပိုင်းအကြာ နေ့လယ် ၁၁ နာရီကျော်တွင် စစ်အစိုးရက အင်တာနက်ဖြတ်တောက်လိုက်သည်။

မူလက ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ရန် လူမှုကွန်ရက်၌ ဆိုရှယ်မီဒီယာအသုံးပြုသူများက ဆင့်ပွား စည်းရုံးလှုံ့ဆော်မှုများ ရှိခဲ့သော်လည်း တစ်ရက်စော၍ ရန်ကုန်ဆန္ဒပြမှုသည် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ 

ထိုရက်မတိုင်ခင်ကတည်းက နိုင်ငံအနှံ့အပြားတွင် ကွက်ကျားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက်ဖြစ်လာသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က တာဝန်ထမ်းဆောင်ဆဲ အစိုးရခေါင်းဆောင်များကို ၂၀၂၀ ဖေဖော်ဝါရီ ၁ နံနက်ပိုင်းတွင် စတင်ဖမ်းဆီးပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို သိမ်းယူလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ကြမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နံနက် ၂ နာရီခန့်ကစပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ခေါင်းဆောင်များကို စစ်တပ်က ထိန်းသိမ်းလိုက်သည်။

ထိုသို့ဖမ်းဆီးရာတွင် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ၊ လူထုအကြားထင်ရှားသူများ စုစုပေါင်း ရာချီ၍ ထိန်းသိမ်းခံလိုက်ရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲဆန္ဒမဲစာရင်း မှားယွင်းမှုများရှိနေခြင်းကို တာဝန်ရှိသူများက မဖြေရှင်းကြသဖြင့် တပ်မတော်က အာဏာသိမ်းရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်၏ လှုပ်ရှားမှုသည် ရွေးကောက်ပွဲအရေးနိမ့်ပါတီများ၏ တောင်းဆိုချက်နှင့် ဆက်စပ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။

“နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းတွေ စိစစ်ပေးဖို့ UEC ၊ လွှတ်တော်နဲ့ သမ္မတတို့ထံ မဲစာရင်းများဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဆင့်ဆင့် တာဝန်ပျက်ကွက်ခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ နောက်ဆုံးအချိန်အထိ ဥပဒေနဲ့အညီ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်ကိုသာ ကိုင်စွဲဆောင်ရွက်ခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးပြ တာဝန်ယူမှု တာဝန်ခံမှုတွေ ပျက်ကွက်ခဲ့ပါတယ်” ဟု အာဏာသိမ်းပြီး ပထမဆုံးပြောသည့် ဖေဖော်ဝါရီ ၈ ရက်နေ့ ၎င်း၏ ရုပ်သံမိန့်ခွန်း၌ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

မဲစာရင်းအကြောင်းပြ၍ နိုင်ငံတော်အရေးပေါ်ကာလတစ်ရပ်ကြေညာပြီး စစ်တပ်အာဏာသိမ်းရန် လက်မှတ်ထိုးခွင့်ပြုခဲ့သူမှာ တပ်မတော်က ရွေးချယ်ခန့်ထားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ အခြေခံဥပဒေအရပင် နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် ကြေညာနိုင်သူမှာ နိုင်ငံတော်သမ္မတသာဖြစ်ကြောင်း အခြေခံဥပဒေပုဒ်မ ၄၁၇ တွင် ပါရှိသည်။

 ထို့ပြင် မဲစာရင်းအကြောင်းပြ၍ စစ်အာဏာသိမ်းခြင်းသည် ဥပဒေနှင့်မညီကြောင်း လူမှုကွန်ရက်အသုံးပြုသူ followers  ၁၅ သိန်းကျော်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ပါတီလုပ်ငန်းသုံး Chair NLD အမည်ရှိ  Facebook  စာမျက်နှာတွင်  အာဏာသိမ်းသည့်နေ့ နံနက် ၁၁ နာရီ ခန့်က ကြေညာခဲ့သည်။

ထိုကြေညာချက်တွင် “တပ်မတော်၏ လုပ်ရပ်သည် ယခုအခါ အများပြည်သူတို့ ရင်ဆိုင်နေရသော ကိုဗစ်ရောဂါကပ်ဆိုးကြီးကို ဂရုမထားသည့်အပြင် တိုင်းပြည်အား အာဏာရှင်စနစ်အောက်သို့ သွတ်သွင်းရန်ကြိုးပမ်းသော လုပ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တစ်ခဲနက်ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ ပြည်သူသာလျှင် အဓိကဖြစ်ပါသည်”ဟု တိုက်တွန်းထားသည်။

ထိုနေ့မှာပင် ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂရုံး(UN)ရှေ့တွင် မြန်မာနိုင်ငံသားအများအပြားက အဖမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရေးနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်၍ လူဦးရေ ရာနှင့်ချီကာ ဆန္ဒပြခဲ့ကြသည်။

ထို့အတူ မြန်မာ့နိုင်ငံရေးတွင် ထင်ရှားသူများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ စသဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်များကလည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ပြည်သူများကိုယ်တိုင် ဆန့်ကျင်တွန်းလှန်ကြရန် Facebook အသုံးပြု၍ စည်းရုံးခဲ့ကြသည်။

လှည်းတန်းလမ်းဆုံနှင့် ခုံးကျော်တံတားပေါ်တွင်လည်း ကားအစီးရေ ၁၀၀ ကျော်ခန့်သည် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် “ကားစက်ပျက်ကမ်ပိန်း”တစ်ခုလုပ်ဆောင်ကာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပိတ်ဆို့ဆန့်ကျင်ခဲ့ကြသည်။ 

သို့ရာတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒပြသည့် သန်းနှင့်ချီသော လူထုသည် ၎င်းတို့ ဆန္ဒအရ ဒီမိုကရေစီ စနစ်ရှင်သန်ရေးအတွက် လမ်းပေါ်ထွက်လာရခြင်းဖြစ်ကြောင်း Myanmar Now ကို ဖြေကြားကြသည်။

စစ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်တွင် အာဏာသိမ်းစစ်အုပ်စုက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးပါဝင်သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”ကို ဖွဲ့စည်းလိုက်သည်။

ထို ည ၈ နာရီမှာပင် ပြည်သူလူထုက မိမိနေအိမ်မှနေ၍ သံပုံးများတီး၍ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်လှုပ်ရှားမှုတစ်ခုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်လိုက်ကြသည်။

ရပ်ကွက်ကျေးရွာ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မကောင်းဆိုးဝါးများကို သံပုံးတီး၍ ခြောက်လှန့်မောင်းထုတ်နိုင်သည်ဟူသော ဓလေ့ကို စစ်ကောင်စီဆန့်ကျင်ရေးတွင် အားလုံးပါဝင်နိုင်သည့် လှုပ်ရှားမှုအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း အနီးဆုံး မြန်မာသံရုံးများသို့ သွားရောက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ကလည်း အာဏာသိမ်းစစ်အုပ်စု၏ စစ်အစိုးရယန္တရားတစ်ခုလုံးရပ်ဆိုင်းသွားရန် အစိုးရဝန်ထမ်းများအနေဖြင့် ရုံးမတက်ရန်၊ စစ်အစိုးရနှင့် ဆက်နွှယ်သည့် ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီး ငါးရက်မြောက်နေ့မှစ၍ လမ်းပေါ်ထွက်၍ လူထုဆန္ဒပြပွဲများသည်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများအပြင် တစ်နိုင်ငံလုံးတွင် အနှံ့အပြားပေါ်ထွက်လာခဲ့ကြသည်။

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျန်းမာရေးဝန်ထမ်းများက စတင်လိုက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) သည် ဝန်ထမ်းများအကြား ပျံ့နှံ့လာပြီး ပြည်သူအများအပြားကလည်း “ရုံးမတက်နဲ့ ရုန်းထွက်” ဟု တောင်းဆိုနေကြသည်။

လမ်းပေါ်ထွက်ဆန္ဒပြသည့် ၇ ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ အစိုးရဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအများအပြား CDM လှုပ်ရှားမှုတွင် ပါဝင်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် သန်းချီသော ပြည်သူလူထုက ၎င်းတို့ဆန္ဒအလျောက် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် ပါဝင်ပြီး ဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

ဖေဖော်ဝါရီ ၈ ရက် ဆန္ဒပြပွဲတွင် ပါဝင်လာသည့် ပုဇွန်တောင်မြို့နယ်နေ ထီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ထားထားမြင့်က စစ်အာဏာသိမ်းမှုကို ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက ကြုံတွေ့ဖူးသဖြင့် စစ်အာဏာရှင်ကို ရွံမုန်းပြီး လက်မခံနိုင်ဟု ပြောသည်။

၈၈ အခြေအနေနှင့် အဓိကကွာခြားချက်မှာ ယခုလူထုဆန္ဒပြပွဲများတွင် လူငယ်ထုက ပိုမို ဦးဆောင်နေခြင်းဖြစ်ပြီး ယခုခေတ်မှ ပေါ်ပေါက်လာသော အင်တာနက်အသုံးပြု၍ ဆိုရှယ်မီဒီယာကို ကောင်းစွာအသုံးချနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုကျတော့ ဆိုရှယ်မီဒီယာတွေ ပေါ်လာတဲ့အခါမှာ သူတို့ လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူး။ ဆိုရှယ်မီဒီယာတွေ ပေါ်လာတဲ့အတွက်‌ နိုင်ငံတကာနဲ့ အဆက်အသွယ်တွေရတယ်။ ၈၈ တုန်းကတော့ ဒါတွေမရှိတဲ့အတွက် သူတို့ လုပ်ချင်တိုင်းလုပ်လို့ရသွားတယ်။ သွန်လိုသွန် မှောက်ချင်သလို မှောက်လို့ရသွားတာပေါ့။ အခုက လုပ်ချင်သလို လုပ်လို့မရတဲ့ ခေတ်ကိုရောက်သွားပြီ”ဟု အသယ် ၅၀ နှစ် ကျော်အရွယ် ဒေါ်ထားထားမြင့်က ပြောသည်။ 

‌ဖေဖော်ဝါရီ ၈ တွင် သန်းချီသော ပြည်သူလူထုက လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဆူးလေ၊ လှည်းတန်းလမ်းဆုံအနီးတွင် လူအများ စု‌ဝေး၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး တောင်းဆို ကြွေးကြော်ခဲ့ကြသည်။

ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ထားသူများကို စစ်အာဏာရှင်များက ဖမ်းဆီးချုပ်နှောင်ထားပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို မတရားသည့်နည်းလမ်းဖြင့် ရယူခြင်းတို့ကြောင့် “ပြည်သူ့အာဏာ၊ ပြည်သူ့ပြန်ပေး” ဟု ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။

ဆန္ဒပြသူများသည် ရန်ကုန်မြို့၏ လမ်းအသွယ်သွယ်တို့မှ ထွက်လာကြပြီး စုရပ်တစ်ခုထားကာ လူထုအင်အားပြကြခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ကလေးကျောပိုးထားသည့် သားသည်မိခင်နှင့် ကိုယ်ဝန်ဆောင်များအပြင် အသက် ၅ နှစ် မှစ၍ အသက် ၈၀ ကျော် အရွယ်များ ပါဝင်ကြသည်။

၎င်းတို့သည် တစ်ဦးတစ်ယောက်ခေါင်းဆောင်သောကြောင့် လမ်းပေါ်တက်လာသူများမဟုတ်ကြဘဲ ၎င်းတို့အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ယူရမည်ဆိုသော ယုံကြည်ချက်ကိုယ်စီဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လာကြခြင်းဖြစ်သည်။

အစ္စလာမ် ဘာသာရေးကျောင်းတစ်ခုတွင် ဘာသာရေးစာပေသင်ကြားနေသူ အသက် ၂၁ နှစ် အရွယ် ကိုအောင်ကျော်ကျော်က လူငယ်များ၏ အနာဂတ်အတွက် ဆက်လက်ပါဝင်ရမည်ဟု ပြောသည်။

“ကျွန်တော်တို့ရဲ့ အနာဂတ်ကိုဗျာ … စာမတတ် ပေမတတ်အောက်မှာ ကျွန်မဖြစ်ချင်ဘူးဗျာ”ဟု လှိုင်သာယာမြို့နယ်မှ လာ၍ ဆန္ဒပြပွဲတွင်ပါဝင်သည့် ကိုအောင်ကျော်ကျော်က Myanmar Now ကို ပြောသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်ဆန္ဒပြရာတွင် ခေါင်းဆောင်ဟူ၍ သတ်မှတ်ထားခြင်းမရှိသော်လည်း အစိုးရဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လာကြသည်ကို လတ်တလောတွေ့လာရသည်။

“ဒါက ကျွန်တော့်တို့ ပြည်သူတွေဆန္ဒမဟုတ်ဘူး။ သူတို့ရဲ့ သဘောဆန္ဒအရ သူတို့လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က မထောက်ခံဘူး။ အားလည်းမပေးဘူး။ ရှုတ်ချတယ်၊ ကန့်ကွက်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ မဲပေးတဲ့အစိုးရကိုပဲ လိုချင်တဲ့အတွက် တောင်းဆိုတယ်”ဟု ဖေဖော်ဝါရီ ၉ ရက် ဆန္ဒပြပွဲတွင် ပါဝင်သော အသက် သုံးဆယ်ကျော်အရွယ် မြန်မာ့မီးရထားဝန်ထမ်း ကိုကျော်ကျော်က ပြောသည်။

စစ်တပ်အာဏာသိမ်းသည့်နေ့တွင် ပြည်သူလူထုအကြား စိုးရိမ်စိတ်များကြောင့် ရန်ကုန်၊ မန္တလေး အစရှိသည့် လူနေထူထပ်သည့် မြို့ကြီးများရှိ ကုန်တိုက်ကြီးများ၊ စားသောက်ကုန်ရောင်းချသည့် လက်လီဆိုင်များတွင် လူအများလုယက်၍ ပစ္စည်းများ ဝယ်ယူနေကြသည်ကိုတွေ့ရသည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်များတွင်လည်း လူအများစုပြုံတိုး၍ အလုအယက် ငွေထုတ်ယူခဲ့ကြသည်။

အာဏာသိမ်းခြင်းနှင့်အတူ ကပ်ပါလာသည့် ကျပ် ၁၀၀၀၀ တန်နှင့် ၅၀၀၀ တန်များပိတ်သိမ်းမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ပြည်သူလူထုက စိုးရိမ်ကြောက်ရွံ့စိတ်အပြည့်ဖြင့် ရွှေဆိုင်များတွင် ပြတ်လပ်သည်အထိ လုယက်ဝယ်ယူခဲ့ကြကြောင်း ရွှေဆိုင်ပိုင်ရှင်တချို့ထံမှ သိရသည်။

ငွေကြေးပိတ်သိမ်းမည်ဆို့သည့် သတင်းသည် ကောလာဟလဟု မြန်မာနိုင်ငံဗဟိုဘဏ်တာဝန်ရှိသူများက ဆိုစေကာမူ စစ်အာဏာသိမ်းခြင်းနှင့် မစိမ်းကြသည့် မြန်မာပြည်သူများက အစိုးမရသည့် စိုးရိမ်စိတ်များနှင့် အာဏာရှင်ဆိုသည်ကို မယုံကြည်ရကြောင်း သဘောပိုက်ထားကြ၍ ထို့သို့လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ တစ်နှစ်ကျော်လွန်ပါက ရွေးကောက်ပွဲကျင်းပ၍ အာဏာပြန်လွှဲပေးမည်ဆိုသော်လည်း ပြည်သူလူထုက ၎င်းတို့မဲပေးခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်သည့် အစိုးရကိုသာ  အာဏာပြန်အပ်ရန် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်လျက်ရှိနေကြသည်။

ယခုလှုပ်ရှားမှုသည် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် ပွဲသိမ်းတိုက်ပွဲအဖြစ် သတ်မှတ်ထားပြီ အစိုးရဝန်ထမ်းများအားလုံးလည်း CDM လှုပ်ရှားမှုတွင် ပါဝင်လာပါက လူထုလှုပ်ရှားမှုသည် လုံးဝအောင်မြင်ရမည်ဟု ပြည်သူအများက ယုံကြည်မျှော်လင့်ထားကြသည်။

Show More

Related Articles

Back to top button