
ရခိုင်ပြည်နယ်အဆင့်စစ်ကောင်စီတွင် ဥက္ကဋ္ဌနေရာနှင့် အဖွဲ့ဝင်နှစ်နေရာ ထပ်မံရရှိရေး စစ်ခေါင်းဆောင်များနှင့် ထပ်မံညှိနှိုင်းတောင်းဆိုသွားမည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရပုဂ္ဂိုလ် ဦးဖေသန်းက ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် ပြောသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ANP ဗဟိုမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ပါဝင်မှုကို ပါတီဝင်တချို့နှင့် ရခိုင်ပြည်သူတချို့က ဝေဖန်နေကြသော်လည်း ပြည်နယ်အဆင့်ကောင်စီတွင် ရာထူးနေရာ ထပ်မံရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနေရာအတွက် သမ္မတဦးသိန်းစိန်လက်ထက် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒေါက်တာအောင်ကျော်မင်းကို စစ်တပ်က ခန့်အပ်ထားပြီး အဖွဲ့ဝင်များနေရာတွင်လည်း ANP မှ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ခန့်အပ်ထားခြင်း မရှိသေးပေ။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းတဲ့ ပြည်နယ်တစ်ခု ဖြစ်လာဖို့ဆိုရင် လက်ရှိအစိုးရလက်ထက်မှာ ပူးပေါင်းပြီး စီမံခန့်ခွဲနိုင်ခွင့်ရရှိအောင် ဆက်လက်ဆောင်ရွက်မယ်။ အခု ကျွန်တော်တို့က စီမံခန့်ခွဲပိုင်ခွင့်မှာ အားနည်းနေသေးတယ်။ ပြည်နယ်အတိုင်းအတာနဲ့လည်း ပြည်နယ်ကောင်စီမှာ ပါဝင်မှုမရှိဆိုတော့ ဒီဟာတွေကို ဆက်လက်ရရှိအောင် လုပ်မယ်ဆိုတဲ့သဘောဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။
ANP ဗဟိုကော်မတီဝင်များနှင့် ရွေးကောက်ခံအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီ ၁၂ မှ ၁၄ အထိ မြောက်ဦးမြို့တွင် သုံးရက်ကြာ ကျင်းပခဲ့ရာတွင် ပါတီဝင်တချို့က အာဏာသိမ်းစစ်ကောင်စီတွင် ဒေါ်အေးနုစိန်ပါဝင်မှုကို ကန့်ကွက်ခဲ့ကြသော်လည်း ဆက်လက်ပါဝင်ရန် ပါတီဗဟိုက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

တပ်မတော်၏ အာဏာသိမ်းကာလ မည်မျှကြာမည်ကို မသိသောကြောင့် ကြားကာလတွင် ရခိုင်ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းရန် အာဏာရှိသောသူနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ယူဆသောကြောင့် ကောင်စီတွင် ပါဝင်ခြင်းဖြစ်သည်ဟုလည်း ဦးဖေသန်းက ပြောသည်။
“ပါတီခေါင်းဆောင်တွေက ဒီအချိန်မှာ ကောင်စီအတွင်းမှာ အတွင်းလူတစ်ယောက်ရှိသင့်တယ်။ ငါတို့ရခိုင်ပြည်အတွက် အကျိုးစီးပွားကိုလည်း ဖော်ဆောင်နိုင်မယ်၊ တစ်ဖက်ကလည်း အန္တရာယ်ကျရောက်နိုင်မယ်ဆိုရင်လည်း အဲဒါတွေကို စစ်ခေါင်းဆောင်တွေကို ပြောပြနိုင်မယ်၊ ကာကွယ်နိုင်မယ်ဆိုတဲ့ပုံစံမျိုး ကောင်းကျိုးဖြစ်လာမယ်လို့ ယူဆလို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း စစ်ဘေးရှောင်နေရပ်ပြန်ရေး၊ ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှု၊ ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းပေးရေး၊ ပြည်နယ်ကောင်စီတွင် နေရာထပ်မံ ရရှိနိုင်ရေးနှင့် ကောင်စီ၏လုပ်ရပ်များသည် ရခိုင်ပြည်သူအကျိုးစီးပွား ရှိမရှိတို့ကို စောင့်ကြည့်သွားမည်ဟု ဦးဖေသန်းက ဆက်ပြောသည်။
“ပါတီက အများဝေဖန် ရှုတ်ချနိုင်အောင်အထိ အခြေအနေကို စတေးပြီးတော့ ပူးပေါင်းပါဝင်ထားတယ်ဆိုတော့ ပါတီအတွက်၊ ပြည်သူအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှုမရှိဘူးဆိုရင် ပြန်လည်သုံးသပ်ရမယ်။ တကယ်လို့ ကျွန်တော်တို့ မျှော်မှန်းသလို မဖြစ်ဘူးဆိုရင် စာချုပ်ချုပ်ထားတာမဟုတ်၊ ကျွန်တော်တို့ အချိန်မရွေး ရုပ်သိမ်းလို့ရတယ်” ဟု ဦးဖေသန်းက ပြောသည်။
ANP ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုအပေါ် ပြန်လည်သုံးသပ်၍ ရာထူးလက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း (၄၈) ဖွဲ့က ဖေဖော်ဝါရီ ၇ တွင် တိုက်တွန်းခဲ့သည်။
အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ယင်းစစ်အုပ်စု၏ တရားမဝင်လုပ်ရပ်အပေါ် အားပေးထောက်ခံရာရောက်ပြီး ဒီမိုကရေစီနောက်ဆုတ်စေရန် အားပေးအားမြှောက်ပြုရာလည်း ရောက်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“ဒီလို ဒီမိုကရေစီနောက်ပြန်ဆွဲတဲ့အပေါ်မှာ ပါဝင်ဆောင်ရွက်မှုလုပ်နေရင် ရခိုင့်လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ဒီမိုကရေစီရဲ့ယဉ်ကျေးမှု၊ ဒီမိုကရေစီရဲ့ အခွင့်အလမ်းအပေါ်မှာ မျက်ကွယ်ပြုတာ ခံရမယ်။ အဲလိုအနေအထားတွေကို ကျွန်တော်တို့ မလိုလားဘူး”ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖေဖော်ဝါရီ ၁၂ တွင် ထောင်မှလွတ်မြောက်လာသည် ရခိုင့်ဦးဆောင်ပါတီ (AFP) တည်ထောင်သူ ဒေါက်တာအေးမောင်ကမူ အာဏာသိမ်းစစ်ကောင်စီတွင် အခြားတိုင်းရင်းသားပါတီများနှင့် ပြည်မပါတီဝင်တချို့လည်း ပါဝင်နေသောကြောင့် ANP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပါဝင်နေမှုအပေါ် ကောင်းခြင်း၊ ဆိုးခြင်း မှတ်ချက်မပြုလိုဟု ဆိုသည်။
“ခံယူချက်၊ ရည်မှန်းချက်၊ ပါတီရဲ့ မူဝါဒတွေနဲ့လည်း ဆိုင်မယ်လေ။ ပါတီတစ်ခုရဲ့ မူဝါဒကိုလည်း တစ်ဖက်က ပုဂ္ဂိုလ်က မချေပလို၊ ဘယ်လိုဆိုမလဲ အပြစ်လည်းမတင်လို၊ ကောင်းတယ်လို့လည်းမပြောလို။ လူထုလက်ခံခြင်း၊ လက်မခံခြင်းကပဲ ယင်းပါတီရဲ့ အဆုံးအဖြတ်ကို ပေးမှာဖြစ်တယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ANP သည် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်နယ်တွင်း မဲအများဆုံးအနိုင်ရရှိခဲ့သောကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ပြည်နယ်လွှတ်တော်တွင် အတိုက်အခံအဖြစ်ရပ်တည်ခဲ့ရာ NLD အစိုးရနှင့် ANP ကြား အဖုအထစ်များ ဖြစ်ပေါ်ခဲ့သည်။