သတင်း

မိတ္ထီလာ လေကြောင်းတက္ကသိုလ်ကို  စစ်တပ်က နာရီဝက်ကြာ ဝင်

ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက် (၂)နာရီခွဲအချိန်တွင် စစ်ကားသုံးစီးက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ကျောင်းဝင်ပေါက်တံခါးကို သော့ရိုက်ဖွင့်လျက်   ဝင်ရောက်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။

စစ်သားအင်အား (၂၀)ကျော်က တက္ကသိုလ်ဝင်းထဲ၌ ဆရာဆရာမများ ၊ ဝန်ထမ်းများပါဝင်သောလူအုပ်နှင့် နာရီ၀က်ကြာ ထိပ်တိုက်တွေ့ခဲ့ကြောင်း အဆိုပါ‌ကျောင်းသားကပြောသည်။

“အဓိကက ပါချုပ်ကိုလာဖမ်းတယ်လို့ ယူဆပါတယ်။ ဝန်ထမ်းလိုင်းခန်းမရောက်ခင် ဆရာတွေ၊ ကျောင်းကဝန်ထမ်းတွေနဲ့ တိုးသွားတာပါ” ဟု ၎င်းကပြောသည်။

စစ်တပ်ဂုဏ်သိက္ခာထိခိုက်စေနိုင်သည် မည်သည့်အပြုအမူမျှ မပြုလုပ်ကြရန်၊ ဆရာဆရာမများအနေဖြင့် ပညာတတ်များပီသစွာ ပြုမူနေထိုင်ရန် လာရောက်စီးနင်းသည့်အဖွဲ့က သတိပေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။

ကျောင်းအတွင်း စစ်တပ်၀င်ရောက်ခြင်းကို အလိုအလျောက်မှတ်တမ်းတင်ထားသော CCTV လုံခြုံရေးရုပ်သံ မှတ်တမ်းများမှာ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သဖြင့် ဖြန့်ဝေခြင်းမပြုရန်၊ ဖျက်ထားပေးရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

ဤတက္ကသိုလ်သည် လက်ရှိအချိန်တွင် CDM ၉၅ % ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

ကျောင်းအတွင်း စစ်ကားများဝင်ရောက်မှုနှင့် ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရအရာရှိကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ညဉ့်သန်းခေါင်တွင် CDM ကို ထောက်ခံသည့် မန္တလေးဆေးတက္ကသိုလ်ပါချုပ်ကိုဖမ်းရန် ကြိုးစားသော်လည်း အိမ်နီးချင်းများက ​ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအပြီး လူထုအုံကြွမှု တဖြည်းဖြည်း ကြီးမားလာသကဲ့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုကလည်း အရှိန်ရလာသည်။

အားလုံးပါ၀င်နိုင်သော လှုပ်ရှားမှုဖြစ်သည့် ည ၈ နာရီတိုင်း သံပုံးတီးကြသည့် အစီအစဉ်ကိုလည်း မြို့နယ်အသီးသီးတွင် တွေ့နိုင်သည်။

Show More

Related Articles

Back to top button