
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူလိုက်မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်အချို့တွင် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
တောင်ကုတ်၊ သံတွဲ၊ ဂွစသည့် မြို့နယ်များမှ ဒေသခံပြည်သူများက ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်နေခြင်းဖြစ်ပြီး ၆ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
“ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာနေမယ်။ ပြည်သူ့အစိုးရမဟုတ်တဲ့ အာဏာလုစစ်တပ်လက်အောက်မှာ မနေဘူး။ ပြည်သူ့လက်ဝယ်ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြရာတွင် “လူငယ်တွေက လမ်းထွက်ပြီး မင်းတို့တွေက ရုံးတက်တုန်းလား။ အာဏာရှင်စနစ်ကျဆုံးရေး CDM မှာ ပါဝင်ပေး” စသည့် စာသားများဖြင့် အဓိက ကြွေးကြော်ခဲ့ကြကာ ယနေ့ ထိုင်သပိတ်မှောက်ခဲ့ကြသည်ဟု ဆန္ဒပြခဲ့သူ သံတွဲမြို့ခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရာ၌ ယနေ့ ဖေဖော်ဝါရီ ၁၃ တွင် လမ်းမများကို ရဲက ပိတ်ဆို့ထားသောကြောင့် ထိုင်သပိတ်ဆင်နွှဲခဲ့ရကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ထိုင်သပိတ်ကို လူစုခွဲရန် ရဲတပ်ဖွဲ့က မကြာမကြာ လာပြောခဲ့ပြီးနောက် နေ့လယ် ၁၂ ခွဲခန့်တွင် လူစုခွဲခဲ့ရကြောင်း ၎င်းဒေသခံက ပြောသည်။
သံတွဲမြို့တွင် ဆန္ဒပြနေသည်မှာ ၄ ရက်မြောက်ဖြစ်ပြီး လူငယ်များဦးဆောင်ကာ ဒေသခံများနှင့်အတူ အခြားနယ်မှ လာရောက်နေထိုင်သူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်။
အလားတူ ဂွမြို့တွင်လည်း စစ်အာဏာသိမ်းမှုအပေါ် လက်မခံနိုင်၊ အာဏာသိမ်းစစ်အုပ်စုအား အစိုးရအဖြစ် အသိအမှတ်မပြုနိုင်သောကြောင့် မြို့ပေါ်လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဂွမြို့ခံတစ်ဦးက ဆိုသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobdience Movement – CDM) တွင် ဝန်ထမ်းများ ပါဝင်ရေးကို ဦးစားပေးလှုံ့ဆော်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“အဓိက ကျွန်တော်တို့ ဆန္ဒပြတဲ့နေရာမှာ တောင်းဆိုမှုတွေနဲ့ စီတန်းလှည့်လည်ဆန္ဒပြတာတွေ ရှိတယ်။ နောက်တစ်ခု ရုံးတွေရှေ့မှာ CDM မှာ ပါဝင်ပေးဖို့နဲ့၊ နောက်တစ်ခုက CDM မှာ ပါဝင်နေတဲ့ဝန်ထမ်းတွေကို အထက်အရာရှိတွေက ဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုတာတွေလုပ်တယ်” ဟု အဆိုပါ ဂွမြို့ခံက ပြောသည်။
ဂွမြို့တွင် ပညာရေးဝန်ထမ်းများအပါအဝင် ဒေသခံ လူသောင်းချီ ယနေ့ ဆန္ဒပြခဲ့ကြပြီး “မဲ”မသမာဟု စွပ်စွဲကာ အာဏာသိမ်းခြင်းသည် ဆရာ၊ ဆရာမများကို စော်ကားခြင်းဖြစ်သည်” ဟူသော ဗီနိုင်းများကိုင်ဆောင်ကာ မြို့ပတ်လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့အပြင် ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သံဃာတော်များလည်း ပါဝင်ခဲ့ကြသည်။
ဂွမြို့နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဂွမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်စိုးထွန်း၊ ဂွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီတို့ ထိန်းသိမ်းခံထားရသည်။
ဂွမြို့နယ်မှ ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ဒေသခံများက ဆိုသည်။
တောင်ကုတ်မြို့တွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်နေရာ ဦးဆောင်သူ NLD ပါတီမှ စည်ပင်ဝန်ကြီးဟောင်း တောင်ကုတ်အမတ် ဦးမင်းအောင်နှင့် အခြားတစ်ဦး ထိန်းသိမ်းခံထားရသည်။
ရခိုင်အလယ်ပိုင်းမြို့တစ်မြို့ဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင်လည်း ဆန္ဒပြခဲ့သော လူငယ် ၅ ဦး ပြီးခဲ့သည့်ရက်ပိုင်းက အဖမ်းခံထားရသည်။
သို့ရာတွင် ရခိုင်ပြည်နယ်၏ မြို့တော် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆန့်ကျင်ဆန္ဒပြမှုများ မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မြောက်ပိုင်းမြို့နယ်အများစုတွင် လုံခြုံရေးအရဆိုကာ ရွေးကောက်ပွဲ မကျင်းပခဲ့သော်လည်း တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) က အနိုင်ရထားသည်။ ANP မှ ကိုယ်စားလှယ်တစ်ဦး ဗဟိုစစ်ကောင်စီတွင် နေရာတစ်နေရာ ရယူထားသည်။
၂၀၁၈ မှ ၂၀၂၀ နိုဝင်ဘာ အစောပိုင်းအထိ နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသည် စစ်ပွဲပဋိပက္ခများကို ထိခိုက်ခံစားခဲ့ရပြီး လူဦးရေ ၂ သိန်းကျော် နေရပ်စွန့်ခွာကာ တိမ်းရှောင်ခဲ့ရသည်။ ထို့ပြင် စစ်ပွဲများ ရပ်သွားသော်လည်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တို့ကြောင့်လည်း ရခိုင်ဒေသခံများ ထိခိုက်ခံစားခဲ့ကြရသည်။
မြောက်ပိုင်းတွင် ထိုသို့ ဆန္ဒပြပွဲများ မပြုလုပ်ခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) အပေါ် ဒေသခံများက နာကြည်းချက်များရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသတွင် တိုက်ခိုက်ခဲ့သည့် စစ်သည်များကို ချီးကျူးခဲ့ခြင်းကလည်း ရခိုင်ဒေသခံတို့ သဘောမကျကြကြောင်း ဝံလက်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ခိုင်ကောင်းစံက သုံးသပ်သည်။
” ရက္ခိုင့်တပ်တော်မှာ တိုက်ပွဲဝင်နေတဲ့သူတွေက ရခိုင်ပြည်သူတွေအတွက် အလုပ်လုပ်နေတဲ့ ရဲဘော်တွေဖြစ်တယ်။ ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တယ်။ အဲဒီလို မြန်မာ့တပ်မတော်ဘက်က အတိုင်ပင်ခံပုဂ္ဂိုလ် NLD အစိုးရကိုယ်တိုင်ပါဝင်ပြီးတော့ အမိန့်ပေးတာမျိုး၊ ရှေ့တန်းပြန်ရဲဘော်တွေကို ချီးမွမ်းထောမနာပြုတာမျိုးကို တွေ့တော့ ပိုပြီးတော့ နာကြည်းကြတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်အမတ်များ၏ ဒေသအရေးတင်ပြမှုများ လျစ်လျူရှုခံရခြင်း၊ ကာလရှည် အင်တာနက်ဖြတ်တောက်မှုများလည်း ပါဝင်ကြောင်း ၎င်းက သုံးသပ်သည်။
သို့ရာတွင် ရခိုင်လူထုက စောင့်ကြည့်နေသည့် အနေအထားမျိုးရှိကြောင်း၊ ပြည်နယ်ပြင်ပတွင် ရခိုင်လူငယ်များ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည်ကို လူထုက အားရကျေနပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့က လူထုတွေကို ကြည့်တဲ့အခါမှာ လူထုတွေအနေနဲ့ ဒီဟာသည် စောင့်ဆိုင်းဖို့လိုတယ်။ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောနေကြတဲ့ အခြေအနေတစ်ခုမှာ ရှိတယ်။ ယင်းကြောင့် ဆန္ဒပြမှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေ ဆန္ဒပြမှုမှာ မပါဝင်ကြတာဖြစ်တယ်လို့ သုံးသပ်မိတယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။
ပါတီတစ်ခုတည်း၏ အရေးမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အရေးဖြစ်ကြောင်းကို ရခိုင်လူထုက နားလည်ကြောင်း ထည့်သွင်းပြောခဲ့သည်။
ဝံလက်ဖောင်ဒေးရှင်းသည် တိုက်ပွဲများကြောင့် ထိခိုက်ခံစားနေရသော ရခိုင်ပြည်သူလူထုကို ကူညီပေးနေသော စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။
ဆန္ဒမပြဖြစ်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကော်မတီဝင် ကိုတိုးတိုးအောင်က ရခိုင်လူထုနှင့် ကျောင်းသားများသည် အာဏာရှင်ကို အမြဲတော်လှန်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ကတော့ တော်လှန်နေတာ ရှိတယ်။ ကျွန်တော်တို့ တော်လှန်နေလို့လည်း ကျွန်တော်တို့ရဲဘော်တချို့လည်း အခုအချိန်ထိ ထောင်ထဲမှာပဲ ရှိနေသေးတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ရရင်ရသလို တော်လှန်နေတာ။ ပြည်မမှာနေပြီးတော့ မတော်လှန်တဲ့ အချိန်ကနေစပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ခေတ်အဆက်ဆက် တော်လှန်နေကြတာပဲ လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သည် စစ်ရှောင်ဒုက္ခသည်များအရေး ရင်ဆိုင်နေရပြီး စစ်ရှောင်များအတွက် ထောက်ပံ့မှုများ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် မဲစာရင်းမှားသည်ဟု ဆိုကာ နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်း၍ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် နိုင်ငံအနှံ့မြို့ကြီးများတွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်နေသည်။
အရေးပေါ်ကာလကို ၁ နှစ် သတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို အာဏာအပ်မည်ဟု စစ်ကောင်စီအကြီးအကဲက ဆိုသည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကလည်း စစ်တပ်အကြီးအကဲက ရွေးကောက်ပွဲအပြီး စစ်တန်းလျားပြန်မည်ဟု ကတိပေးခဲ့သော်လည်း တပ်မတော်က ယခုအချိန်အထိ စစ်တန်းလျားမပြန်နိုင်သေးသည့်အပြင် နိုင်ငံရေး အုပ်ချုပ်ရေးတို့တွင် ထဲထဲဝင်ဝင် ပါ၀င်လျက်ရှိသည်။