သတင်း

ရန်ကုန်မှ ဗေဒင်ဆရာတစ်ဦး နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရ

တောင်ဥက္ကလာပမြို့နယ်နေ ဗေဒင်ဆရာ ကိုဟိန်းမင်းအောင် (လင်းညှို့တာရာ) ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် လက်ရှိမည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဗေဒင်ဆရာ လင်းညှို့တာရာသည် စစ်အာဏာရှင်အစိုးရပြုတ်ကျရေး ဖယောင်းတိုင်ပေါ်တွင် အပ်ကိုးချောင်းစိုက်သည့် လောကီအစီအရင်တစ်ခုကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အများက ယူဆနေကြသည်။

စစ်အာဏာသိမ်းပြီး ၁၀ ရက်ကျော်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် ဝန်ထမ်းများကို ဖမ်းဆီးမှုများရှိသည့်အနက် အသက် ၂၅ နှစ်အရွယ် ဗေဒင်ဆရာတစ်ဦးလည်း ပါဝင်လာခြင်း ဖြစ်သည်။ 

ည ၈ နာရီနောက်ပိုင်းအပြင်မထွက်ရန် ကန့်သတ်သည့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း ဖေဖော်ဝါရီ ၁၁ ညဉ့်သန်းခေါင်အချိန်တွင် အရပ်ဝတ်ဖြင့် လူတစ်စုက ဗေဒင်ဆရာလင်းညှို့တာရာ နေထိုင်ရာအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က တရားရုံးတွင် ဦးတိုက်လျှောက်ထားသည့်အတွက် တရားရုံးဖမ်းဝရမ်းဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း မိမိကိုယ်ကိုယ် နယ်ထိန်းရဲအဖြစ် မိတ်ဆက်ထားသည့် အရပ်ဝတ်တစ်ဦးက  ပြောကြားထားသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

“ညီလေးတို့ ဖေ့ဘုတ်တင်ထားတဲ့ဟာ ရှိတယ်။ ဓားတွေဘာတွေနဲ့ ဖယောင်းတိုင်တွေနဲ့ အဲဒီဟာနဲ့ပတ်သက်ပြီး မေးချင်လို့” ဟု ဖမ်းဆီးရာတွင်ပါဝင်သည့် အရပ်ဝတ်တစ်ဦးက ပြောကြားခဲ့သည်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်ဖြစ်သည့်အတွက် မနက် ၄ နာရီနောက်ပိုင်းမှ ထပ်လာရန် မိသားစုက တောင်းဆိုသော်လည်း အရပ်ဝတ်ဖြင့် လူတစ်စုက အိမ်တံခါးသော့ကို ရိုက်ချိုးဖျက်ဆီးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ 

ထို့နောက် မိသားစုဝင်များက တံခါးဖွင့်၍ ထွက်လာသည့်အခါ ရဲကားတစ်စီးနှင့်အတူ စောင့်နေသည့် ကားတစ်စီးပေါ်သို့တင်ကာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။ 

ညအချိန်ဝင်ရောက်ဖမ်းဆီးမှုကို ပတ်ဝန်းကျင်သိစေရန် မိသားစုဝင်များက သံပုံးတီးအချက်ပြမှုကြောင့် ရပ်ကွက်နေလူထုက ထွက်လာပြီး တောင်ဥက္ကလာပမြို့နယ် ရဲစခန်းရှေ့တွင် စုရုံးဝန်းရံခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၂ ည ၁၀ နာရီခွဲဝန်းကျင်တွင် ရဲစခန်းရှေ့ ဝန်းရံသူလူထုကို လူစုခွဲပေးရန် ရဲတပ်ဖွဲ့က မိသားစုကို တိုက်တွန်းခဲ့သည်ဟု မိခင်ဖြစ်သူ ဒေါ်လဲ့လဲ့စန်းက ၎င်းကြုံခဲ့ရသည့်ဖြစ်စဉ်ကို ပြောပြသည်။ 

“လူစုကိုခွဲပေးပါလို့ သူတို့က ပြောတယ်။ လူစုမခွဲပေးရင် ဆရာ့တစ်ယောက်အတွက်နဲ့ ပြည်သူလူထုက ဒုက္ခရောက်မယ်လို့ပြောတော့ ဆရာကတော့ ထွက်မပြောဘူး။ ဆရာ့ရဲ့အဖေက ထွက်ပြောပေးတယ်။ အဲဒီတော့ လူစုက ကွဲသွားတယ်” ဟု ၎င်းက ပြောသည်။ 

ထိုသို့ လူစုကွဲပြီးနောက်တွင် မိခင်နှင့်အတူရှိနေသည့် ကိုဟိန်းမင်းအောင်ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို လက်ရှိအထိ မသိရသေးကြောင်း ဒေါ်လဲ့လဲ့စန်းက ပြောသည်။

ဗေဒင်ဆရာတစ်ယောက်အနေဖြင့် ယုံကြည်မှုအရ ဖယောင်းတိုင်ထွန်းသည့်အပေါ် ဖမ်းဆီးခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ဒေါ်လဲ့လဲ့စန်းက ပြောသည်။ 

ဗေဒင်ဆရာ လင်းညှို့တာရာ ခေါ် ကိုဟိန်းမင်းအောင်သည် အဆုတ်ရောင်ရောဂါနှင့် နှလုံးရောဂါရှိပြီး အောက်ဆီဂျင်ဘူးအကူအညီဖြင့် အသက်ရှူနေရသူဖြစ်ကာ ဖမ်းဆီးခေါ်ဆောင်ခံသွားရချိန်တွင် သောက်သုံးနေသည့် ဆေးဝါးများနှင့် အောက်ဆီဂျင်ဘူး မပါသွားသည့်အတွက် ကျန်းမာရေးအပေါ် အလွန်စိုးရိမ်နေကြောင်း မိခင်ဖြစ်သူ ဒေါ်လဲ့လဲ့စန်းက ပြောသည်။

“တရားမျှတမှုနဲ့ ကလေးကို အမြန်ဆုံးလွတ်စေချင်တယ်။ ကလေးရဲ့ကျန်းမာရေးက တော်တော်ကြီးဆိုးရွားနေတဲ့ အတွက် စိုးရိမ်နေတယ်” ဟု ပြောသည်။ 

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ၁၂ အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူ ၃၂၆ ဦးအထိ ရှိပြီး ယင်းတို့အနက် ၂၃ ဦး ပြန်လည်လွတ်မြောက်ခဲ့ကာ ထိန်းသိမ်းစစ်ဆေးခံနေရဆဲ ၃၀၃ ဦး ရှိကြောင်း သိရသည်။

ကနဦးဖမ်းဆီးခံရသူများမှာ ဗဟိုအစိုးရထိပ်သီးခေါင်းဆောင်များ၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ၁၄ ခုမှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အဆင့်မှ ဗဟိုအဆင့်အထိ တာဝန်ရှိသူများ၊ ရန်ကုန်မှ တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ ပစ်မှတ်ဖြစ်လာကြသည်။

Show More

Related Articles

Back to top button