သတင်း

ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး ပြည်သူ့ကော်မတီဖွဲ့စည်း

အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံရေးနည်းလမ်းအရ တိုက်ပွဲဝင်ရန် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး ပြည်သူ့ကော်မတီကို ယမန်နေ့(၁၂.၂.၂၀၂၁) တွင် ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

အဆိုပါကော်မတီတွင် ကနဦးအနေဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်ညီညွတ်ရေးတပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဆောင်သူများ တာဝန်ယူထားပြီး အခြားပါဝင်သည့် အဖွဲ့အစည်းများကို အတိအကျထုတ်ပြော၍ မရသေးကြောင်း ဆိုရှယ်ဒီမိုကရက်ညီညွတ်ရေးတပ်ဦးမှ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကျော်ကိုကိုကပြောသည်။

အခြားအဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားပါတီများ၊ ကျောင်းသားသမဂ္ဂများ၊ ပြည်သူလူထုဘက်မှရပ်တည်သော နိုင်ငံရေးပါတီများနှင့် လည်းချိတ်ဆက်ထားသည်ဟု ၎င်းကဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးကို ဦးတည်ချက်သွားဖို့လိုတယ်။ ဒီဥပဒေဟာ ကျနော်တို့အပေါ်မှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ဥပဒေ ကျနော်တို့ အလိုမတူဘဲနဲ့ အတင်းအဓမ္မပြုကျင့်ထားတဲ့ဥပဒေ။ ဒါကြောင့်မို့လို့ ဒီဥပဒေဖျက်သိမ်းရေးကို လူတိုင်းပါဝင်ရမယ်” ဟု ကိုကျော်ကိုကိုက ပြောသည်။

ဒုတိယအဆင့်အနေဖြင့် စစ်တပ်သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး တွင်မပါဝင်ဘဲ စစ်တန်းလျားသို့ လုံးဝပြန်သွားဖို့ အရေးကြီးကြောင်း၊ ထိုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရေးသည် အဓိကပန်းတိုင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ ယနေ့ ၁၃ ရက်မြောက်နေ့အထိ တွေ့ရှိချက်များအရ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် လူထု၏ သွေးစည်းညီညွတ်မှုကြောင့် အလားအလာကောင်းလျက်ရှိပြီး ယခုထက်ပို၍ ညီညွတ်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။

အဆိုပါကော်မတီ၏ လတ်တလောနိုင်ငံရေးရည်မှန်းချက် ၅ ရပ်မှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်အကြွင်းမဲ့ဖျက်သိမ်းရေး၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ပြည်သူ့အစိုးရပြန်လည်ဖွဲ့စည်းနိုင်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရေးတို့ဖြစ်သည်။

Show More

Related Articles

Back to top button