သတင်း

တပ်ထောက်ခံဆန္ဒပြသူတို့က မိတ္ထီလာမြို့လယ်မှ ပြည်သူများကို ရန်ပြု

မိတ္ထီလာမြို့လယ်ကောင်၌ တပ်ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများက ပြည်သူအချို့ကို ဖေဖော်ဝါရီ ၁၂၊ ညနေ ၄ နာရီခန့်က ခဲ၊ လေးခွများဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သည်။

တပ်ထောက်ခံဆန္ဒပြသူများ ချီတက်လာသည့် ပထမလမ်းမတော်လမ်း (ရန်ကုန်- မန္တလေးလမ်းဟောင်း) ၊ မြို့မ (၄) ရပ်ကွက်ရှိ “ရွက်နု” စားသောက်ဆိုင်ရှေ့အရောက် ၎င်းတို့ သံပုံးတီး ကန့်ကွက်ခံရသည်ဟု ဆိုပြီး စားသောက်ဆိုင်အတွင်းသို့ ခဲ၊ လေးခွများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဖေ့ဘွတ်လူမှုကွန်ရက်၌ ပျံ့နှံ့လာသောဗီဒီယိုများတွင် တပ်မတော်ထောက်ခံသူတို့က စားသောက်ဆိုင်အတွင်းသို့ အုတ်ခဲများ၊ လေးခွများဖြင့် တရစပ်ပစ်ပေါက်ခဲ့ကြသလို ဆိုင်ရှိစားပွဲများ၊ ခုံများအား ရိုက်ချိုးဖျက်ဆီးနေသည်ကို တွေ့ရသည်။

ရွက်နုစားသောက်ဆိုင်ပိုင်ရှင် ကိုသန်းထွန်းလင်းက “သူတို့ (တပ်ထောက်ခံသူများ) ဖြတ်လာတဲ့အချိန်မှာ ကျွန်တော် က ထမင်းစားနေတာ။ အဲဒါကို ကျွန်တော်တို့က သံပုံးတီးတယ်ဆိုပြီး ဆိုင်ထဲကို ရုတ်တရက် လူတွေ အုတ်နီခဲတွေနဲ့ ထုတယ်။ သူတို့မှာ ဓားတွေလည်း ပါတယ်။ အနုကြမ်းစီးသလိုပဲ” ဟု Myanmar Now ကို ပြောသည်။

ထို့သို့ လေးခွဖြင့်အပစ်ခံရသဖြင့် စားသောက်ဆိုင်ပိုင်ရှင်ကိုသန်းထွန်းလင်းနှင့် ဆိုင်အတွင်းရှိ လူတစ်ဦးမှာ လည်ပင်း၊ နောက်ကျော၊ ဝမ်းဗိုက်၊ ပခုံးတို့၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

ထိခိုက်ဒဏ်ရာသွားသူအား တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)
ထို့အပြင် စားသောက်ဆိုင်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အိမ်ပြတင်းမှန်များကွဲသွားသည်ဟု မျက်မြင်သက်သေတို့ထံမှ သိရသည်။

“မြို့မှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာမှမရှိတော့သလိုပဲ။ စိတ်မလုံခြုံဘူး။ ပြီးတော့ အခုကိစ္စက ဒီလိုဖြစ်လာနိုင်တယ် သိရက်နဲ့ တာဝန်ရှိတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားတဲ့ပုံစံဖြစ်နေတယ်” ဟု ထိခိုက်ဒဏ်ရာရရှိခဲ့သော ကိုချစ်စမ်းမောင်က ပြောသည်။

အဆိုပါဖြစ်စဉ်အရ မြို့လုံခြုံရေးအပေါ်စိုးရိမ်မှုများရှိပြီး ဒေသအာဏာပိုင်များ၏ လုံခြုံရေးပိုင်း ကြတ်မတ်ဆောင်ရွက်မှုအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်နေကြောင်း မြို့ခံများက ဝေဖန်ကြသည်။ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့ကမူ တိုင်ကြားလာလျှင် ကူညီမည်ဟု ဆိုသည်။

“ကာယကံရှင်က စခန်းကို လာရောက်တိုင်ကြားတာနဲ့ လိုအပ်တာတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။ မြို့လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အခုလည်း လှည့်ကင်းပတ်နေတာပါ။ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တာတွေ လုပ်နေတာပါ။ ဟုတ်၊ မဟုတ်သိချင်ရင် ကြားတာလောက်နဲ့ အဝေးကနေ မေးမနေဘဲ ကိုယ်တိုင် လာကြည့်ကြည့်ပေါ့” ဟု မိတ္ထီလာမြို့နယ်ရဲမှူး သိန်းထွန်းက Myanmar Now ကို ပြောသည်။

မိတ္ထီလာမြို့သည် တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်ရှိသည့်မြို့ဖြစ်သလို ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းကြောင့် မြို့လုံခြုံရေးအခြေအနေမှာ ထိရှလွယ်သောအနေအထားတွင် ရှိနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button