တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် စစ်ကောင်စီကို ဆက်လိုက်တိုက်ခိုက်ခြင်း မပြုလုပ်ရန် တရုတ်အစိုးရဘက်က ယမန်နေ့က စာပို့သတိပေးခဲ့သည်ဟု TNLA ပြောခွင့်ရအရာရှိက Myanmar Now ကို ယနေ့တွင် အတည်ပြုခဲ့သည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှစ်ကျော့အတွင်း စစ်ကောင်စီလက်ထဲမှ ရှမ်းမြောက်ရှိ မြို့ ၁၀ မြို့နှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် မြို့များကို သိမ်းပိုက်ထားသည်။
စစ်တပ်၏ အရာရှိသင်တန်းကျောင်းအများအပြားရှိရာ ပြင်ဦးလွင်မြို့နှင့် ၃၅ မိုင်ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့အထိ TNLA တပ်များရောက်နေချိန်တွင် တရုတ်ဘက်က တိုက်ပွဲများရပ်တန့်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။
တရုတ်၏ထိုတောင်းဆိုချက်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံအပြီး သတင်းနှစ်ပတ်ကျော်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီက ကျင်းပမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကို ထောက်ခံမည်ဖြစ်ပြီး TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ရွာများအပေါ် တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း သြဂုတ် ၁၄ ရက်နေ့က နေပြည်တော်တွင် ပြောကြားခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်သည်ကို တရုတ်ဘက်က လက်သင့်ခံမည်မဟုတ်ဟု စစ်ခေါင်းဆောင်နှင့် တွေ့ဆုံအပြီး နှစ်ရက်အကြာ၊ ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ကို လိပ်မူထားသည့် အကြောင်းကြားစာတွင် တိုက်ပွဲများချက်ချင်းရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် TNLA က တရုတ်နှင့် ပူးပေါင်းမည်ဟု မျှော်လင့်သည်ဟု ပါရှိသည်။
အဆိုပါအကြောင်းကြားစာကို တရုတ်-မြန်မာ နှစ်ဘာသာဖြင့် တွေ့မြင်ရပြီး သြဂုတ်လ ၂၉ ရက် နေ့စွဲတပ်ထားသည်။
“တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမည်” ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီ၏ အကြောင်းကြားစာတွင် ပါရှိသည်။
တရုတ်၏တောင်းဆိုချက်ကို ငြင်းဆန်ပါက “တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်” ဟုလည်း ထိုစာကဆိုသည်။
တိုက်ပွဲများရပ်ရန် တရုတ်ဘက်က အကြောင်းကြားခဲ့သည်မှာ မှန်ကန်ကြောင်း TNLA ပြောခွင့်ရအရာရှိ လွေးယေးဦးက Myanmar Now ကိုအတည်ပြုခဲ့ပြီး TNLA ဗဟိုကော်မတီဝင်များ အရေးပေါ်အစည်းအဝေးထိုင်နေသည်ဟု ဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးစာအကြောင်း အပါအဝင် အခြားမှတ်ချက်များကိုတော့ မေးမြန်းခွင့်မရခဲ့ပါ။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တွင် တပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျင်လည်ခဲ့သည့် ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တိုက်ပွဲများ ရပ်ဆိုင်းရေး တရုတ်၏ ဆောင်ရွက်မှုများမှာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဖြစ်သည်ဟု ဆိုသည်။
“…စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ကို ကယ်တင်ဖို့ လုပ်တဲ့ ခြေလှမ်းတွေဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးအင်အားစုတွေကတော့ လက်ခံစရာမလိုဘူး၊ လက်ခံမှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အကြောင်း ကျွန်တော်ကတော့ သဘောထားဖော်ပြပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြောက်ပိုင်းညီနောင်များအဖွဲ့များမှတစ်ဆင့် ပြည်တွင်းသို့ စီးဝင်နေသည့် လက်နက်များကိုလည်း ပိတ်ဆို့မှုများပြုလုပ်နေပြီး တိုက်ပွဲများမရပ်ပါက စစ်ရေးအကူအညီပေးမှုများကိုလည်း ရပ်ဆိုင်းမည့် အစီအစဉ်များ ရှိနိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA တို့နှင့် TNLA တို့ ပူးပေါင်းပြီး ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်။ ထို့နောက်စစ်ဆင်ရေးဒုတိယအကျော့ကို ယခုနှစ် ဇွန်လ ၂၅ ရက်တွင် ထပ်မံစတင်ခဲ့သည်။
ထိုစစ်ဆင်ရေးနှစ်ခုအတွင်း TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံ၊ မိုးမိတ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် မြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကို TNLA က ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA တို့နှင့် ပူးပေါင်းဆင်နွှဲကြောင်း ကြေညာခဲ့သော်လည်း မြေပြင်တိုက်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏လက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိသည်။
NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သည် မန္တလေးမြို့မြောက်ဘက်မှ မတ္တရာ၊ ပုသိမ်ကြီး စသည့်မြို့များကို ထိုးစစ်ဆင်နေသည်။
တရုတ်၏သတိပေးစာတွင် စစ်ပွဲရပ်ရန်အပြင် TNLAအတွက် “သင့်လျော်တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုရရှိစေရန်” အကူအညီပေးမည်ဆိုသည့် မက်လုံးလည်း ပါရှိသည်။
တရုတ်၏ကမ်းလှမ်းမှုက မည်သည့်အချက်ကို ဆိုလိုသည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။
အခြားတဖက်တွင် TNLA သိမ်းထားသည့်မြို့များကို စစ်ကောင်စီဘက်က TNLA နယ်မြေများဟု တရားဝင်အသိအမှတ်ပြုခြင်းမျိုးမရှိသေးရာ တရုတ်က နယ်မြေခွဲဝေမှုအတွက် ကြားဝင်စေ့စပ်ခြင်းမျိုး ဖြစ်လာနိုင်သည်။
တရုတ်၏သတိပေးစာသည် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် အခြားတပ်နှစ်ခုဖြစ်သည့် ကိုးကန့်တပ် TNLA နှင့် ရခိုင်တပ် AA ဆီ ပို့မပို့ဆိုသည်ကိုတော့ မသိသေးပါ။
AA သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့အထိ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်။