
ပြည်သူ့အာဏာပြန်မရမချင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ဆက်လက် ပါ၀င်သွားမည်ဟု ရန်ကုန်မှ ဆန္ဒပြဆရာဝန်များက ပြောသည်။
ဖေဖော်ဝါရီ ၁၂ တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ် ၁ ရှေ့မှစ၍ ဆရာဝန်ထောင်ချီကာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုကို ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ပထမဦးဆုံး စတင်ခဲ့ကြပြီး အဓမ္မအာဏာသိမ်းထားသူများလက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဆန္ဒပြဆရာဝန်များက ဆိုသည်။
“ပြည်သူ့အာဏာပြန်မရမချင်း ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့၊ ပြည်သူတွေရဲ့မဲနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရပြန်မတက်မချင်းကျွန်တော်တို့ အဆုံးထိ ဆက်လုပ်သွားပါမယ်”ဟု ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒေါက်တာရှိန်းသူကျော်က Myanmar Now ကိုပြောသည်။
အစိုးရယန္တရားရပ်တန့်သွားရန် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးပူးပေါင်းကာ တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်သွားရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။
CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအများအပြားပါဝင်လာသော်လည်း ဆရာဝန်တချို့ အပါအဝင် ဦးစီးဦးဆောင်ပြုသည်ဟု ယူဆရသည့် ဝန်ထမ်းတချို့ကို စစ်ကောင်စီက ညအချိန်မတော်ဖမ်းဆီး၊ ဖိအားပေးနေခြင်းကြောင့် ပြည်သူလူထုက ဝန်းရံရပ်တည်ပေးရန် လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန် ဒေါက်တာလင်းလုဝေ က Myanmar Now ကိုပြောသည်။
“အဓမ္မ နည်းလမ်းနဲ့လုပ်နေတာတွေ အခုရှိတယ်။ ဒါတွေအတွက် ပြည်သူတွေက ရပ်တည်ပေးမှတော့ရမယ်။ နို့မဟုတ်ရင် CDM လုပ်နေတဲ့ ဆရာဝန်တွေပဲ စတေးခံရသလိုဖြစ်သွားနိုင်တယ်” ၎င်းက ဆိုသည်။
ညအချိန်မတော်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်းမှာ ရန်ကုန်မြို့တွင် တာဝန်ကျသည့် ဆရာဝန်များအနေဖြင့် မသိသာသော်လည်း တိုက်နယ်ဆရာဝန်များ အဓိက ပစ်မှတ်ထားခံနေရခြင်းကြောင့် လူထုကစောင့်ရှောက်ပေးရန် လိုသည်ဟု ၎င်းကဆိုသည်။
ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များပြန်လည်လွှတ်ပေးရန်၊ တတိယအကြိမ်လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန် ဆရာဝန်များက တောင်းဆိုလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် အခြေခံမဲစာရင်းအမှားအယွင်း များသည်ဟုအကြောင်းပြကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ မှစ၍ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် လူဦးရေသိန်းနှင့်ချီကာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။
ရန်ကုန်ဆေးတက္ကသိုလ်(၁) ရှေ့မှ ဆရာဝန်များစုစည်းကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်



