
ကယားပြည်နယ် လွိုင်ကော်မြို့ ဆန္ဒပြပွဲသို့ လာရောက်ပူးပေါင်းပြီး အပြန်လမ်းတွင် ဖမ်းဆီးခံလိုက်ရသည့် ဒီးမော့ဆိုမြို့နယ် ဒေသခံ ၇ ဦးကို ကယန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကယန်းပြည်သစ်ပါတီ၏ အာမခံပေးမှုကြောင့် နေ့တွင်းချင်း ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
“အခုပဲ အခုပဲ ခြောက်နာရီလောက် ပြန်လွှတ်လိုက်တာ။ ဒီမှာရှိတဲ့ ကယန်းပြည်သစ်ပါတီက အာမခံချက်လာပေးလို့ လွှတ်လိုက်တယ်ပဲ သိရတယ်” ဆန္ဒပြပွဲတွင် ပါဝင်ပြီးနောက် ဖမ်းဆီးခံခဲ့ရသူတစ်ဦးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ) နေ့လယ်ပိုင်းက လွိုင်ကော်မြို့ဆန္ဒပြပွဲတွင် ပါဝင်ပြီးနောက် ဒီးမော့ဆိုမြို့သို့ ပြန်လာသူ ဆရာဆရာမ လေးဦးနှင့် အခြားလူငယ်သုံးဦးကို လမ်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်သို့ နာရီပိုင်းအတွင်း ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဒီးမော့ဆိုရဲစခန်းနှင့် လွိုင်ကော်အကျဉ်းထောင်ရှေ့တွင် သောင်းနှင့်ချီသော ကရင်နီလူထုက လာရောက်ဝန်းရံခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ကယန်းပြည်သစ်ပါတီ၏ ညှိနှိုင်းပေးမှုဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“တပ်ကတော့ တဖြည်းဖြည်းဖမ်းတော့မှာပါပဲ။ လူထုတွေကြောက်သွားအောင် ခြိမ်းခြောက်လိုက်တဲ့ သဘောပဲလို့ ကျွန်တော်ထင်တယ်။ ဒီသပိတ်ကို ဆက်ပြီး မပူးပေါင်းရဲအောင် ခြောက်လှန့်တဲ့အနေအထားလို့ ကျွန်တော်နားလည်တယ်” ဟု ယနေ့လွိုင်ကော်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့တစ်ဦးက ပြောသည်။
ဆန္ဒပြသပိတ်တွင် ပါဝင်သူများအနေဖြင့် အပြန်လမ်းတွင် လူစုမကွဲစေဘဲ မိမိလုံခြုံရေးကို အထူးဂရုစိုက်ပြီး သပိတ်ကော်မတီ၏ လမ်းညွှန်ချက်ကို နားထောင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။
ကယားပြည်နယ် လွိုင်ကော်တွင် ယမန်နေ့ ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးက ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့ရာ အဆိုပါ ဆန္ဒပြရဲတပ်ဖွဲ့ဝင်များကို အခြားရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သော်လည်း ဒေသခံပြည်သူများ၏ ဝန်းရံကာကွယ်ပေးမှုကြောင့် လွတ်မြောက်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်မြင့်တက်သထက် မြင့်တက်လာချိန်တွင် ဆန္ဒပြရာတွင် ပါဝင်သူများကို ဖမ်းဆီးမှုများလည်း မြင့်တက်လာသည်။
ဖေဖော်ဝါရီ ၉ နှင့် ၁၀ ရက်နေ့များက အနောက်တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဆန္ဒပြသပိတ်တွင် ပါဝင်ခဲ့သူ လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ယနေ့အထိ လွတ်မြောက်ခြင်း မရှိသေးပေ။