
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် နေထိုင်သည့် ဝန်ကြီးများ၏ မိသားစုဝင်များကို ယနေ့ အပြီးပြောင်းရွှေ့ရန် ရဲတပ်ဖွဲ့က အမိန့်ပေးဖယ်ရှားခိုင်းခဲ့သည်။
ရဲအရာရှိ သုံးဦးနှင့် စစ်သားတစ်ဦးတို့ ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) ညနေ ၄ နာရီခန့်က အစိုးရအဖွဲ့အိမ်ရာသို့ ရောက်ရှိလာပြီး တနင်္သာရီတိုင်း လူမှုရေးနှင့်စည်ပင်ဝန်ကြီး ဦးဟိုပင်၏နေအိမ်ရှိ ၎င်းနှင့်သမီးဖြစ်သူတို့ကို ဖယ်ရှားပေးရန် ဖိအားပေးလာခြင်းဖြစ်သည်ဟု လူမှုရေးနှင့်စည်ပင်ဝန်ကြီး၏ ဇနီး ဒေါ်မာမာလွင်က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ သက်ဆိုင်ရာဝန်ကြီးများ၏ မိသားစုများကို အဆိုပါအိမ်ရာအတွင်း အကျယ်ချုပ်ချထားခြင်း ဖြစ်သည်။
ဝန်ကြီးအိမ်ရာမှ ဖယ်ရှားပေးရန် ပြောဆိုလာသည့် ရဲဝန်ထမ်းတွင် တရားဝင်အမိန့်စာမပါရှိဘဲ နှုတ်မိန့်ဖြင့်သာ ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု လူမှုရေးနှင့်စည်ပင်ဝန်ကြီး ဦးဟိုပင်၏ ဇနီးသည်က ဆိုသည်။
“ကျွန်မတို့ဆန္ဒအရကတော့ အမျိုးသားမလာသေးတော့ မထွက်ချင်ဘူးပေါ့။ ဒါပေမယ့် ဒီနေ့ အပြီးထွက်ရမယ်ဆိုတော့ ထွက်မှပဲ ရမှာပေါ့” ဟု ဒေါ်မာမာလွင်က ပြောသည်။
အာဏာသိမ်းသည့်နေ့ နံနက် ၅ နာရီတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးပေ။
အိမ်ရာဝင်းတွင် ဦးဟိုပင်၏ မိသားစုဝင်များ၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးမိသားစု၊ ဆောက်လုပ်ရေးဝန်ကြီးမိသားစု၊ စီမံဘဏ္ဍာဝန်ကြီးမိသားစု၊ လဝကဝန်ကြီးမိသားစုနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာတို့ နေထိုင်နေကြသည်။
ကျန်သည့် ဝန်ကြီးမိသားစုဝင်များ ယနေ့ ဖေဖော်ဝါရီ ၁၁ နံနက်တွင် ပြောင်းရွှေ့သွားကြပြီး အိမ်ရာဝင်းအတွင်း ဒေါ်မာမာလွင်တို့မိသားစုနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာနှင့် မိသားစုတို့သာ ကျန်ရှိခဲ့သည်။
ကျန်သည့် ဝန်ကြီးများကို ဖမ်းဆီးထားသော်လည်း ၎င်းကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိပြီး ယနေ့အထိ တစ်စုံတစ်ရာ လာရောက်ပြောဆိုခြင်းမရှိသေးကြောင်း ဦးစောလုကာက ပြောသည်။
ယင်းအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ကျကာ နေထိုင်သော ဝန်ကြီးချုပ် ဦးမြင့်မောင်ကိုလည်း ယမန်နေ့ညက လာရောက်ဖမ်းဆီးသွားခဲ့သည်။
မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကို ဖေဖော်ဝါရီ ၁ နံနက်တွင် ထိန်းသိမ်းလိုက်ပြီး အာဏာကို သိမ်းယူလိုက်ခြင်းဖြစ်သောကြောင့် နိုင်ငံအနှံ့တွင် ဆန့်ကျင်သောဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်။