
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း အရှိန်ရလာသည့်အလျောက် လူအများအာရုံကို ဆွဲဆောင်နိုင်သည့်ပုံစံဖြင့် လူငယ်များ၏ ဆန္ဒထုတ်ဖော်မှုများ အားကောင်းလာခြင်းမှာ ကောင်းသည့်အလားအလာဖြစ်သော်လည်း မူရင်းနိုင်ငံရေးပန်းတိုင်မှ လမ်းချော်မသွားစေလိုကြောင်း ဆန္ဒပြလူငယ်များက တိုက်တွန်းလိုက်သည်။
အဆန်းအပြားဖက်ရှင်များ၊ လက်ကိုင်ဆောင်ပုဒ်အသစ်များဖြင့် အနယ်နယ်အရပ်ရပ်မှ လူငယ်ထု၏ စစ်အာဏာရှင်စနစ် အသွင်ပြောင်းတော်လှန်ရေးသည် Generation Z ဟု ခေါ်သည့် အသက် ၂၀ ဝန်းကျင် လူငယ်အများစုကြားတွင် အရှိန်မြင့်လာခဲ့သည်။
ဆန္ဒပြလက်ကိုင်ဆောင်ပုဒ် စာသားများမှာ ဟာသဆန်ဆန် ဆန်းသစ်မှုများဖြင့် အာဏာသိမ်း တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သရော်ထားပြီး လူငယ်ထုကြား အလျင်အမြန်ကူးစက်ပျံ့နှံ့ခဲ့သည်။
လူငယ်များ၏ ထိုကဲ့သို့သော ရဲရင့်မှုနှင့် တီထွင်ဆန်းသစ်နိုင်မှုအပေါ် ချီးကျူးဂုဏ်တင်မှုများကိုလည်း အင်တာနက်လူမှုကွန်ရက်ပေါ်တွင် အများအပြားတွေ့လာရသည်။

ယင်းလှုပ်ရှားမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ကာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေကို ကမ္ဘာက အလျင်အမြန် နားလည်နိုင်သည့်အတွက် တစ်ဖက်တွင် အားသာချက်ရှိသလို လူထုအုံကြွမှု၏ မူရင်းနိုင်ငံရေးရည်ရွယ်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လမ်းမချော်စေလိုကြောင်း LGBT အခွင့်အရေးလှုပ်ရှားသူ Vhola Burma က ပြောသည်။
“အခုချိန်မှာ မနက်ဖြန်ဆိုတာ ဘာဖြစ်သွားမလဲ မသိသေးတဲ့အချိန်၊ အဲဒီတော့ ကိုယ်တွေလိုချင်တဲ့ဟာက ဒီမိုကရေစီရချင်တယ်၊ စစ်အစိုးရအုပ်ချုပ်တဲ့အောက်မှာ မနေချင်ဘူး၊ အဲဒီလိုပဲ ဆက်သွားနေရမှာပေါ့နော်” ဟု ၎င်းက ပြောသည်။
လူငယ်တို့ ဦးဆောင်သည့် လမ်းပေါ်ထွက် အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုသည် ယခင်တော်လှန်ရေးလှုပ်ရှားမှုများကဲ့သို့ အမျိုးသားက ပုဆိုးနှင့် ရှပ်အင်္ကျီ၊ အမျိုးသမီးများက ရင်ဖုံးအင်္ကျီနှင့် ထဘီဝတ်ကြသည့် ပုံစံမျိုးမဟုတ်တော့ဘဲ နိုင်ငံတကာလှုပ်ရှားမှုပုံစံများကို အတုယူလာကြသည်။
ဖေဖော်ဝါရီ ၁၀ ရက် လမ်းပေါ်တွင် အများဆုံးတွေ့ရသည့် ဆန်းသစ်သော စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ဒို့အရေးကြွေးကြော်သံအလိုက် ကခုန်ခြင်း၊ အလှမယ်ဝတ်စုံများနှင့် လမ်းလျှောက်ခြင်း၊ စုံတွဲများ မင်္ဂလာဆောင်ဝတ်စုံ ဝတ်ဆင်ခြင်း၊ အမျိုးသားကာယအားကစားသမားများက ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာဖြင့် ချီတက်ခြင်း စသည့် ပုံစံများဖြစ်သည်။

ထို့ပြင် အိမ်နီးချင်းထိုင်းနိုင်ငံ၏ ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ဆန္ဒပြမှုများကို အတုယူထားသည့် လမ်းဘေးတွင် ဂတ်စ်မီးဖိုအသေးစားဖြင့် စုပေါင်းကာ ဟော့ပေါ့ချက်စားသည့် လှုပ်ရှားမှုတချို့၊ မြွေ၊ ဖွတ် စသည့် အိမ်မွေးတိရစ္ဆာန်များကို ထုတ်ယူပြသမှုများနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသုဘချသည့် အခမ်းအနားပုံစံများလည်း တွေ့ရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၁) တွင် လမ်းပေါ်၌ ဗိုလ်ချုပ်မှူးကြီးကို ဆန့်ကျင်သည့် ဆိုင်းဘုတ်များကိုင်ဆောင်လျက် စစ်တုရင်ကစားပြသည့် အစုအဖွဲ့များကိုပါ တွေ့လာရသည်။
လူငယ်များ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လမ်းပေါ်ထွက် တိုက်ပွဲဝင်ကြသည်မှာ ကောင်းသောလက္ခဏာဖြစ်သော်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် အားကောင်းသည့် စုဖွဲ့မှုဖြင့် တစ်နိုင်ငံလုံးစုပေါင်းထားသည့် ကော်မတီတစ်ရပ်လိုအပ်နေပြီဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက ပြောသည်။
“အဲဒီကော်မတီက ကဏ္ဍအသီးသီး နေရာအသီးသီးမှာ လှုပ်ရှားနေတဲ့ ခေါင်းဆောင်အသီးသီးကနေ မြို့နယ်အလိုက် ချိတ်ဆက်မှုတွေနဲ့ တစ်ပြိုင်နက်တည်း တိုက်ပွဲလမ်းစဉ်ကို ဆုံးဖြတ်ရွေးချယ်ပြီးတော့ တိုက်ဖျက်မှသာလျှင် စစ်အာဏာရှင်က တကယ်ပြုတ်ကျမှာ” ဟု ၎င်းက ဆိုသည်။
နိုင်ငံတစ်ဝန်း အသီးသီးလှုပ်ရှားနေသည့် အင်အားစုများကို ချိတ်ဆက်၍ စုစည်းပေးမည့် ခေါင်းဆောင်မှုတစ်ရပ် မဖြစ်မနေလိုအပ်သည်ဟု ၎င်းက ဆိုသည်။
“စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးမှာတော့ အားလုံးက ခြွင်းချက်မရှိ တူညီကြတဲ့အချက်ကို မြင်ရတယ်” ဟု ကိုဝေယံဖြိုးမိုးက ဆိုသည်။

ဖေဖော်ဝါရီ ၁ နံနက်မိုးမသောက်မီအချိန်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်အချို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် အင်တာနက်လိုင်း၊ ဖုန်းလိုင်း၊ ရုပ်သံလိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်။
တပ်မတော်က ရွေးချယ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာလွှဲအပ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းယူလိုက်ပြီးနောက် ဖေဖော်ဝါရီ ၂ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကာ ၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ဖေဖော်ဝါရီ ၂ သည် ညစဉ် ၈ နာရီအချိန်တွင် သံပုံးတီးကမ်ပိန်း စတင်ခဲ့သည့်နေ့ဖြစ်ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး၏ အောင်မြင်သော လူထုလှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။ ထိုကမ်ပိန်းသည် မြန်မာနည်းတူ စစ်အာဏာရှင်ဆန့်ကျင်သော ထိုင်းနိုင်ငံသို့ပါ ယခုအခါ ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စတင်လှုံ့ဆော်ခဲ့ပြီး ဆေးပညာရပ်ဝန်းက စတင်အကောင်အထည်ဖော်ခဲ့သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) မှာလည်း အထိုက်အလျောက်အောင်မြင်မှုရလာပြီး လက်ရှိတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရဲဝန်ထမ်းအချို့အထိ ပါဝင်လာသည်ကို တွေ့ရသည်။
လမ်းပေါ်တိုက်ပွဲများသာမက ရုံးမတက်ဘဲ စစ်ဗျူရိုကရေစီယန္တရားကို ဖြိုဖျက်ပစ်မည့် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ၏ CDM လှုပ်ရှားမှုသည်လည်း အလွန်အရေးပါသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
“နှစ်ဖက်လုံးက ဟန်ချက်ညီညီ လှုပ်ရှားဖို့လိုတယ်။ လမ်းပေါ်တိုက်ပွဲတွေရော အဲဒါတွေက အပြန်အလှန် ဟန်ချက်ညီညီသွားကြဖို့ သွားနိုင်ဖို့ လိုတယ်” ဟု ကိုဝေယံဖြိုးမိုးက ပြောသည်။
အထူးသဖြင့် လူထုတိုက်ပွဲဆင်နွှဲရာတွင် အရေးကြီးဆုံးမှာ နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်များဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ချက်ချင်းပြန်လွတ်မြောက်ရေး အဲဒီအချက်တွေကို ခိုင်ခိုင်မာမာ ပြန်ပြီးဆုပ်ကိုင်ထားဖို့လိုတယ်။ အဲဒီအချက်တွေအောက်မှာပဲ ကျွန်တော်တို့ အသံတွေဟာ တစ်သံတည်း ထွက်နေဖို့ လိုအပ်တယ်” ဟု ကိုဝေယံဖြိုးမိုးက ပြောလိုက်သည်။