
ဘူးသီးတောင် — တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ယခုလ ၁၃ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးရွာတစ်ရွာလုံး ထွက်ပြေးခဲ့ကြရသော်လည်း အသက် ၈၀ အရွယ် အဘိုးအို နှစ်ဦး မပြေးနိုင်သဖြင့် ကျန်နေခဲ့သည်ဟု အဆိုပါ နှစ်ဦး၏မိသားစုဝင်များက Myanmar Now ကို ပြောသည်။
ရသေ့တောင်နှင့် ဘူးသီးတောင်ကားလမ်းအနီး အလယ်ချောင်း ရွာအနီး၌ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင် က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားသည့်နောက် ထိုရွာနေ ဒေသခံ ၂၆၀ ကျော်တို့သည် ရွာနှင့် တစ်မိုင်ဝန်းကျင်ရှိ ဒုံးသိမ်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ခိုလှုံရန် ရောက်ရှိခဲ့သော်လည်း သက်ကြီးရွယ်အိုနှစ်ဦးကို မသယ်နိုင်သဖြင့် ထားခဲ့ရသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။
အလယ်ချောင်းရွာသည် ခမီတိုင်းရင်းသား ရွာတစ်ရွာဖြစ်ပြီး ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သူနှစ်ဦးမှာ အသက် ၈၀ ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဦးစိန်ပန်းနှင့် ဦးပိုင်သာကျော်တို့ဖြစ်သည်။ ဦးစိန်ပန်းသည် အမြင်အာရုံချို့ယွင်းနေပြီး ဦးပိုင်သာကျော်မှာ ဒူးမကောင်းသည့်ရောဂါများရှိသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။
ဦးစိန်ပန်းမှာ အမြင်အာရုံချို့ယွင်းနေသဖြင့် ရှာဖွေစားသောက်ရန်ခက်ခဲနေသည့်အတွက် စိုးရိမ်မိသည်ဟု ထွက်ပြေးလွတ်မြောက်လာသူ ဇနီးသည် ဒေါ်ဖူးခိုင်က ပြောသည်။
၎င်း၏အမျိုးသားဖြစ်သူ အမြင်အာရုံချို့ယွင်းနေသူ အဘိုးအိုက အတူနေထိုင်သည့် မြေးငယ်များကိုသာ ခေါ်ဆောင်သွားရန်နှင့် ၎င်းကို ထားခဲ့ရန် ပြောသည်ဟု ဒေါ်ဖူးခိုင်က ဆိုသည်။
“သယ်လို့လည်းမနိုင်ဘူး။ အဘိုးကြီးကလည်း ဒီကလေးတွေကိုသာ လွတ်အောင်သာ သယ်သွားတဲ့” ဟု ၎င်းက ပြောသည်။
ရွာမှာ ကျန်နေခဲ့သူ နောက်တစ်ဦးဖြစ်သည့် ဦးပိုင်သာကျော်ကို မသယ်နိုင်သဖြင့် ထားခဲ့ရကြောင်း၊ သွားပြန်ခေါ်ရန် ကြိုးစားသော်လည်း သေနတ်သံများကြားနေရပြီး ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် လှည့်ပြန်ခဲ့ရကြောင်း ဦးပိုင်သာကျော်၏ သား ဖြစ်သူက ပြောသည်။
“ကျွန်တော့်မှာလည်း ကလေးတွေအများကြီးနဲ့မို့လို့ ဒီအတိုင်းထားခဲ့ရတယ်” ဟု ၎င်းကပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ၁၃ ရက်နေ့တွင်ပင် အလယ်ချောင်းကျေးရွာတစ်ရွာလုံး သရက်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရွှေ့ပြောင်းခဲ့ကြပြီး ထိုမှတဆင့် ဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ အစီအစဉ်ဖြင့် ဒုံးသိမ် ရွာဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု၎င်းတို့ကပြောသည်။
ထိုသို့ကျန်ခဲ့သည့် အဘိုးအိုနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရန်အတွက် ဌာနဆိုင်ရာများကိုတင်ပြထားသော်လည်း နယ်မြေလုံခြုံရေးအရ သွားရောက်ခေါ်ယူခွင့် မပြုကြောင်း စခန်းတာဝန်ခံ အသက် ၂၄ နှစ်အရွယ်ရှိ ကိုကျော်ကျော်နိုင်က ပြောသည်။
ထိုနေ့မနက်က ဖြစ်သည့် တိုက်ပွဲကြောင့် ၎င်းတို့ ကျေးရွာစာသင်ကျောင်းကို ကျည်ဆန်များထိမှန်ခဲ့သည်ဟု စစ်ရှောင် များက ပြောသည်။ ဦးစိန်ပန်းနှင့် ဦးပိုင်သာကျော်တို့မှာ ယမန်နေ့ညနေကအထိ ရွာတွင် ရှိနေသေး ကြောင်း၊ တပ်မတော်က ထိုရွာအနီးတွင် စခန်းချထားပြီး အလယ်ချောင်းသို့ ပေးမသွားကြောင်း ၎င်းတို့က ပြောသည်။
မြို့နယ်ထွေအုပ်မှတစ်ဆင့် တိုက်ပွဲအတွင်းပိတ်မိနေသော အဘိုအို နှစ်ဦးကိုကယ်တင်နိုင်ရန် ကြိုးစားသွားမည်ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက Myanmar Now ကိုပြောသည်။