ဆောင်းပါး

ရေဘေးနောက်ဆက်တွဲ ကုန်စျေးနှုန်းနှင့် ရိက္ခာအခက်အခဲ

နိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာတွင် စိုက်ပျိုးမြေ ဧက ၁ သန်းကျော် ရေနစ်မြုပ်ရာတွင် စပါးစိုက်ခင်း အများအပြား ပါဝင်နေသဖြင့် ဆန်နှင့် အခြားစားသောက်ကုန်များ စျေးနှုန်း တည်ငြိမ်စေရန် အလို့ငှာ ပြည်ပသို့ ဆန်တင်ပို့ခြင်း ရပ်ဆိုင်းထားရန် ဆန်ကုန်သည်များက ဆုံးဖြတ်လိုက်သည်။ ယခုဖြစ်ပေါ်နေသော ရေဘေးမှာ လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးစေခဲ့သည့် ၂ဝဝ၈ ခုနှစ် နာဂစ်စ်မုန်တိုင်းပြီးလျှင် နိုင်ငံ၏ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးဖြစ်သည်။

နိုင်ငံအတွက်အရေးပါသည့် နိုဝင်ဘာလရွေးကောက်ပွဲများ မကျင်းပမီ သုံးလအလိုတွင် ဖြစ်ပေါ်လာသော ဤရေဘေးကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးမြေဧက စုစုပေါင်း ၄၄ဝ,ဝဝဝ ထက်မနည်း ထိခိုက်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိခိုက်ပျက်စီးသည့် စိုက်ပျိုးမြေအများစုမှာ ပဲခူး၊ ရခိုင်၊ စစ်ကိုင်း၊ ဧရာဝတီ စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် တည်ရှိသည်။  

ရေမြုပ်နေသော သီးနှံမျိုးစုံ စိုက်ပျိုးမြေဧက ၁ ဒသမ ၁ သန်း ရှိပြီး ၈ဝ ရာခိုင်နှုန်းမှာ စပါးခင်းများဖြစ်သည်ဟု လယ်/ဆည်ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးသီဟထွန်းက Myanmar Now ကို ပြောသည်။  

ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုတွင်  စားနပ်ရိက္ခာအကူအညီချက်ချင်းလိုအပ်နေသူ အရေအတွက်  ၂ဝ၈,ဝဝဝ  ရှိသည်ဟု  ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က ဗုဒ္ဓဟူးနေ့တွင်  ပြောသည်။

“ရေကြီးတယ်ဆိုတော့ အရေးပေါ်အခြေအနေလည်း ဖြစ်နေပါတယ်။ အခုလုပ်လို့ရတာကတော့ Export တင်ပို့နေတဲ့ ဆန်တွေကို ရပ်ဖို့ပါပဲ။ စီးပွားကူးသန်းကိုလည်း စာတင်ထားပါတယ်။ စီးပွားကူးသန်းက သဘောတူတယ်ဆိုရင်တော့ တရားဝင်စာထုတ်ပြီး Export တင်ပို့မှု ခဏရပ်ဆိုင်းပါမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဘဏ္ဍာရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံဆန်ကုန်သည်အသင်း အတွင်းရေးမှူးလည်းဖြစ်သော ဦးအောင်မြင့်က ဆိုပါသည်။

“ရေမြုပ်ပြီး ပြန်ပေါ်တာတွေမှာ ပျက်စီးတဲ့လယ်တွေလည်း ရှိမယ်၊ မပျက်စီးတဲ့လယ်တွေလည်း ရှိပါမယ်။ သေချာတာက ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်း ဆန်အထွက်တော့ နောက်ကျသွားပါလိမ့်မယ်”

ပြီးခဲ့သော ၂ဝ၁၄−၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်း၊ ယခင် ဘဏ္ဍာနှစ်က ၁ ဒသမ ၃ သန်း ပြည်ပတင်ပို့ရောင်းချခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

နိုင်ငံ၏ နေရာအများအပြား အဓိကအားဖြင့် ရေကြီးနေသောနေရာများတွင် ဆန်ဈေးတက်နေပြီဖြစ်သည်။

“မင်းတပ်မှာ ဆန်တစ်ပြည် အရင်က ၇၅ဝ၊ ၈ဝဝ၊ ၉ဝဝ ရှိပါတယ်။ အခု ၁,၂ဝဝ ပါ။ ဟားခါးမှာ လမ်းတွေအကုန်လုံး ပြိုတဲ့ အခါကျတော့ ဆန်လှောင်တဲ့ ကုန်သည်တွေက တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း အထိတောင် ရောင်းပါတယ်။ ဆန်ဒိုင်တွေကလည်း လမ်းပန်းဆက်သွယ်ရေးတွေ ခက်သွားတော့ ရှိတဲ့ဆန်ကို မရောင်းချင်တဲ့သဘောတောင် ရှိပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ မင်းတပ်မြို့နယ် သတင်းနှင့် ပြန်ကြားရေးမှူး ဦးဆလိုင်းအွမ်ဟာက ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများက ဝင်ရောက်ကူညီခြင်း မရှိပါက  ရိက္ခာမဖူလုံမည့် ကပ်ဘေးကြီး ကျရောက်လာနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးသားရေးပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောက ဆိုသည်။

“ခု အဆိုးဆုံးခံရတဲ့ ရခိုင်ပြည်နယ်က မြို့တွေ အားလုံးက စပါးအဓိကစိုက်ပျိုးတဲ့နေရာတွေချည်းပဲ။ အဲဒီမှာရှိတဲ့ စပါးကျီတွေလည်း အကုန်ပျက်စီး၊ စိုက်ခင်းတွေလည်း အကုန် ကုန်ပြီ” ဟု သူက Myanmar Now ကို ပြောသည်။


“စပါးပေါ်မယ့် နိုဝင်ဘာ၊ အောက်တိုဘာဆို ဘာဆန်မှထွက်လာမှာ မဟုတ်ဘူး။ အစိုးရကနေ ဒီလို ဆန်ရေစပါးရှားလာမယ့်ပြဿနာကို ဖြေရှင်းဖို့ ခုကတည်းက ပြန်လည်တည်ထောင်ရေး လုပ်ငန်းကြီးတွေ စတင် လုပ်ဆောင်ရမယ်” ဟု သူက ဆိုသည်။

 အစိုးရက ဇူလိုင်လ ၃၁ ရက်နေ့တွင် ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာများအဖြစ် ကြေညာခဲ့သည်။
ပုံမှန်ထက်လွန်ကဲသည့် မုတ်သုံမိုးများကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် ဇူလိုင် ၃ဝ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော မုန်းတိုင်းကြောင့် ပိုမို ဆိုးရွားခဲ့သည်။

ရေဘေးဒဏ်သင့်သူအရေအတွက် ၂၆ဝ,ဝဝဝ ကျော် ရှိပြီး သေဆုံးသူပေါင်း ၆၉ ဦး ရှိကြောင်း အစိုးရက ကြေညာထားရာ သေဆုံးသူအရေအတွက် ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိသည်။ ၂ဝဝ၈ခုနှစ် တွင် နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရာတွင် နှေးကွေးသည်၊ နိုင်ငံတကာအကူအညီလက်ခံရာတွင် ကြန့်ကြာသည်ဟု ယခင်စစ်အစိုးရအဖွဲ့ အဝေဖန်ခံခဲ့ရသည်။

၂ဝ၁၁ တွင် အာဏာရလာသော လက်ရှိအစိုးရသည် ဤရေဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ကာ နိုင်ငံတကာကို အကူအညီတောင်းသော်လည်း သတင်းမီဒီယာများ၊ အင်တာနက်လူမှုကွန်ရက်များတွင် ဝေဖန်ခံရမှု မြင့်တက်နေသည်။

အစိုးရ အရာရှိကြီးများက ၎င်းတို့၏ Facebook စာမျက်နှာတွင် သြဂုတ်လ ၃ ရက်နေ့က သတိပေးချက် ရေးသားရာတွင်  “အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍  မဟုတ်မမှန် သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်” ထိုသူသည် ထောင်ဒဏ် ၁ နှစ် သို့မဟုတ်  ငွေဒဏ် ချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။
 
စားနပ်ရိက္ခာ မဖူလုံမည်ကို စိုးရိမ်ရ

ရေဖုံးလွှမ်းခြင်းကြောင့် ဆန်စပါးရာခိုင်နှုန်း မည်မျှပျက်စီးဆုံးရှုံးမည်ကို လက်ငင်းမသိနိုင်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်စပါး စိုက်ထားတဲ့နေရာဆိုရင် ရေမြှုတ်တာကို အပင်တွေက အတိုင်းအတာ တစ်ခုလောက်အထိ ခံနိုင်ရည်ရှိတဲ့ အနေအထားရှိတယ်။ အဲဒါဆိုရင်တော့ ပြန်နာလန်ထတယ်။ ဒါပေမယ် ဒေသနဲ့ကိုက်တဲ့စပါးမဟုတ်၊ ထိုက်သင့်တဲ့ ကာလတစ်ခုကိုလည်း မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ စပါးကို ပိုးမွှားနဲ့ ရောဂါတွေ ဝင်လာနိုင်တယ်။ ရေအောက်ရောက်သွားပြီး မသေခဲ့ရင်တောင်မှ လိုအပ်တဲ့ ဆေးနဲ့ အာဟာရဓာတ်ကို မဖြည့်ပေးနိုင်ရင် ဒါက ဆုံးရှုံးမယ်”  ဟု မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာခိုင်ကဆိုသည်။  

“ဘယ်လောက်ရာခိုင်နှုန်း ဆိုတာတော့ လယ်ဧက အတိအကျသိရမှာပဲ။ အခုအနေအထားက တော်တော်စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတာ ကျိန်းသေတယ်”


 ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ၄၅ နှစ်အရွယ် လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ဒေါ်အိက ဆန်ဈေးတက်သွားကြောင့် ဒုက္ခရောက်ရကြောင်း ပြောသည်။

 “သြဂုတ်လ ၃ ရက်နေ့က စျေးတွေ စတတ်တာပါ။ ဆန်တစ်ပြည် ၁၈ဝဝ က ၂၂ဝဝ စျေးတက်သွားတယ်။ အန်တီကလည်း ထမင်းရောင်းတဲ့အတွက် ထမင်းတစ်ပွဲ ၂ဝဝ ကနေ ၃ဝဝ တက်ပြီး ရောင်းရတာပေါ့။ စျေးတက်တော့ အခြေခံလူတန်းစားဖြစ်တဲ့အတွက် ဒုက္ခရောက်တာပေါ့ ။ နေ့စဉ် တစ်ပြည်ဝယ်တဲ့ သူက အိတ်လိုက်ဝယ်စားနိုင်တဲ့သူထက် ပိုဒုက္ခရောက်တာပေါ့”

FSWG မှ ဒေါ်ဥမ္မာခိုင်က အများစိုးရိမ်နေကြသည့် ရေဘေး နောက်ဆက်တွဲ ပြဿနာတစ်ခုအကြောင်းလည်း  ပြောပြသည်။

 “နိုင်ငံ အထက်ပိုင်း တစ်ခုလုံးက ကြီးခဲ့တဲ့ ရေတွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို စုပြုံတိုးလာမယ့် အနေအထားမျိုးလို့ တချို့က သုံးသပ်ထားတယ်။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ကို တင်စားထားတော့ ဧရာဝတီမှာ အခုချိန် မဆိုးသေးပေမယ့် စုပြုံတိုးလာမယ့် အနေအထားမျိုး ဆိုတော့ အစိုးရအနေနဲ့ စားနပ်ရိက္ခာဖူလုံရေးကို ဘယ်လောက်အထိ သတိထားဖို့လိုမလဲ။ အစကတည်းက တိုင်းပြည်က (ဆန်စပါး) ၆ဝ၊ ရဝ ရာခိုင်နှုန်းကျော်ကျော်က ဧရာဝတီကထုတ်တာ” ဒေါ်ဥမ္မာခိုင်က ရှင်းပြသည်။

 “အင်္ဂလိပ်ခေတ်တုန်းက ဧရာဝတီမှာ ရေပတ်လမ်းကြောင်းဆိုတာ ရှိတယ်။ အခုမှာ အင်းတွေပိတ်ပြီးတော့ ငါးလုပ်ငန်းတွေ လုပ်လိုက်တယ်၊ အဆောက်အအုံတွေ ဆောက်လိုက်တဲ့အခါကျတော့ ရေပတ်လမ်းကြောင်း မရှိတော့ဘူး။ ကျွန်မတို့ စိုးရိမ်ရတာက ရေထွက်လမ်းကြောင်းတွေ မရှိတော့ အဲဒီနေရာတွေအားလုံးက ရေအောက်ရောက်မှာပဲ။ ရေနက်စပါးကို ဘယ်လောက်ပဲ စိုက်ထား၊ စိုက်ထား၊ ရေအောက်မှာ ကြာပြီး စပါးက အသက်ရှူပေါက်မရှိတော့ရင် အားလုံးက သွားမှာပဲ”

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်နီနီသိန်းကမူ သစ်တောပြုန်းတီးမှုမြင့်မားခြင်းသည် ရေကြီးခြင်း၏ အကြောင်းခံတစ်ခုဖြစ်သည်ဟု ဆိုသည်။

 “သစ်တောအုပ်တွေ ခုတ်လိုက်တော့ မြေကြီးက ပြောင်သွားတဲ့အခါကျတော့ အဲဒီမြေကြီးပေါ်ကို မိုးရေစက်တွေက ကျပြီးတော့ ရေက သယ်သွားတယ်။ အဲဒီအခါမှာ မြေဆီလွှာကို ရေတိုက်စားခြင်း အရမ်းများလာတယ်။ အဲဒီနုန်းတွေက မြစ်ထဲကို ရောက်သွားတယ်။ အဲဒါကြောင့် သောင်တွေထွန်းလာပြီး ရေစီးရေလာ မကောင်းတော့ဘူး။ အဲဒီလိုမကောင်းလို့ ရေတွေက လျှံတာပေါ့။ အခုက မိုးက ခါတိုင်းထက် ပိုကြီးတယ်။ ဟိုဘက်လကဆို တစ်နေ့တည်းနဲ့ ၇ လက်မ ရွာတယ်။ ဒီဘက်လမှာ ကျတော့ တစ်နေ့တည်းနဲ့ ၄ လက်မ၊ ၅ လက်မ ရွာတဲ့ ရက်တွေက စိပ်လာတယ်” ဟု ဒေါ်ခင်နီနီသိန်းက ပြောသည်။

 ရေဘေးဒုက္ခသယ်များ ရေသန့် မရရှိနိုင်တော့၍ ရေသန့်စင်ရာတွင် သုံးသောဆေးပြားအများအပြား အမြန်လိုအပ်သည်ဟုလည်း သူက ရှင်းပြသည်။

“ရေသန့်ဆေးပြားတွေ အများကြီး သွင်းရမယ်။ နာဂစ်တုန်းကဆို ရေသန့်ဆေးပြား ၆ သန်းလောက် သွင်းလိုက်တာပဲ။ အခုလည်း ရေသန့်ဆေးပြားတွေ မြန်မြန်သွင်းပါလို့ပြောချင်တယ်” ဟု ဒေါ်ခင်နီနီသိန်းက ပြောသည်။   

 “ရေကြီးတာတွေ ပြီးသွားတဲ့ အချိန်မှာ အစိုးရအနေနဲ ဆည်တွေရဲ ကြံ့ခိုင်မှုကို ချက်ချင်းဝင်စစ်သင့်တယ်။ ဆည်တွေရဲ့ ရေလှောင်နိုင်မှုပမာဏက လှောင်သင့်တာထက် ပိုနည်းနေပါပြီ။ ဆည်ထဲကို ရောက်ပြီးသား နုန်းကိစ္စကို ဘယ်လို စီစဉ်မလဲ။ ရေစီးရေလာကောင်းအောင် မြစ်ထဲမှာရှိတဲ့ သောင်တွေကို ဘယ်လိုဖောက်မလဲ”  

ရခိုင်ပြည်နယ်နှင့် အသေအပျောက်များပြားမှု

မိုးသည်းထန်မှုနှင့် မုန်တိုင်းဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်  ၇ ခု တွင် ရေကြီးရေလျှံနေကြောင်း ဒေသခံများ၊ တာဝန်ရှိသူများက ဆိုကြသည်။ သြဂုတ် ၃ ရက်နေ့အထိ အတည်ပြုချက်အရ လူပေါင်း ၃၅ ဦးသေဆုံးပြီး၊ လူပေါင်း ၁၉,ဝဝဝ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက Myanmar Now အား ပြောကြားသည်။

သြဂုတ် ၅ ရက်နေ့ AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားချက်အရ သေဆုံးမှုမှာ ၄၁ ဦးအထိ ရှိသွားပြီဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်နေသူများသည်လည်း ရေဘေးဒဏ်ခံရသူများတွင် ပါဝင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသည်။ ၂ဝ၁၂ တွင် ဖြစ်ခဲ့သော အဓိကရုဏ်းများကြောင့်  လူပေါင်း ၁ သိန်း ၃ သောင်းကျော် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပြီး ၎င်းတို့ အများစုမှာ မြန်မာအစိုးရက ဘင်္ဂါလီဟုခေါ်သော နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စလင်များဖြစ်သည်။  

ရခိုင်ပြည်နယ်ရှိ ဒေသအများအပြားတွင် လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီး၊   မြို့နယ်အုပ်ချုပ်ရေးဌာနများနှင့် မိုင် ၂ဝ ခန့် အလှမ်းဝေးသော ယာယီစခန်းတစ်ခုသို့ သွားရောက်ရန်မှာ “လုံးဝ မဖြစ်နိုင်ကြောင်း” ဦးလှသိန်းက ဆိုသည်။

“အဲဒီလို လှမ်းတဲ့နေရာတွေဆို ကားနဲ့လည်းမရဘူး၊ စက်လှေနဲ့လည်းမရဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး အဲ့ဒီဒေသတွေကို လေယာဉ်နဲ့ အစားအသောက်တွေ သွားချပေးနေပါတယ်” ဟု သူက ရှင်းပြသည်။

“ရေကလည်းသိပ်ကြီး လေကလည်း တအားတိုက်တော့ လှေနဲ့သွားဖို့ဆိုတာလည်း လမ်းမှာ ရေလမ်းကြောင်း ပျောက်တယ်။ ကုန်းလမ်းဆိုတာလည်း ရေကသုံးပေလောက် မြင့်နေတော့ ဘယ်လိုမှသွားမရဘူး”  ဟု သူက ဆက်ပြောသည်။

ရေဘေးဒဏ်အဆိုးဆုံး ခံစားရသည့် ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦး၊ ကမ်းရိုးတန်းမြို့နယ်များဖြစ်သော မင်းပြား၊ မြေပုံတို့တွင် အိမ်ခေါင်မိုးများပေါ်အထိ ရေမြုပ်ခဲ့ပြီး၊ ထိုမြို့များနှင့် ဆက်သွယ်ထားသည့် လမ်းတံတားများ ပျက်စီးကုန်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားရေးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးဦးလှစောက ဆိုသည်။

 “မြောက်ဦးမြို့လယ်မှာရှိတဲ့စျေးလည်း ရေအောက်ရောက်သွားတယ်။ လူတွေလည်း အမြင့်ပိုင်း ဘုရားကုန်းတို့ဘာတို့ကို ထွက်ပြေးကြတယ်။ အခု ဒီရေဘေးသင့်တဲ့ဒေသမှာရှိတဲ့လူတွေ လိုတာက အစားအသောက်နဲ့ ရေ။ အဓိက အရေးအကြီးဆုံးကတော့ ဆန်ရယ်၊ ရေရယ်၊ ထင်းရယ်ပဲ။ ဒါပေမယ့် ဖြစ်နေတဲ့အခြေအနေက သိပ်ကျယ်ပြန့်လွန်းတော့ အစိုးရက ကယ်ဆယ်ထောက်ပံ့ရေးလုပ်ပေမဲ့ အားလုံးကို မကာမိနိုင်ဘူးဗျ၊ မထိရောက်ဘူးဗျ” ဟု သူက ဆိုသည်။

(ဤသတင်းဆောင်းပါးကို အိချယ်ရီအောင်၊ ထက်ခေါင်လင်း၊ ဆွေဝင်း၊ အယ်ဆားဝါ၊ သင်းလဲ့ဝင်းတို့ ပူးပေါင်းရေးသားပြီး ပေါလ်ဗရီးဇ် တည်းဖြတ်သည်။ )

Show More

Related Articles

Back to top button