သတင်း

နေပြည်တော်တွင် သေနတ်သုံးဖြိုခွင်းမှုကြောင့် အနည်းဆုံး ၅ ဦးဒဏ်ရာရ

အုပ်ချုပ်ရေးမြို့တော်နေပြည်တော်၏ အချက်အချာကျသော သပြေကုန်းအဝိုင်းအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသော သိန်းနှင့်ချီသော ပြည်သူများကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ဖြိုခွင်းမှုကြောင့် သတင်းထောက်တစ်ဦးအပါအဝင် အနည်းဆုံး ၅ ဦး ဒဏ်ရာရကာ အချို့မှာ စိုးရိမ်ရသည့်အခြေအနေရှိသည်။ 

ဆန္ဒပြသူများကို ဆေးဘက်ဆိုင်ရာအကူအညီပေးနေသည့်အဖွဲ့၏ အဆိုအရ မျှဝေသော လက်များပရဟိတအသင်းမှ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းထိမှန်ခဲ့ပြီး စိုးရိမ်ရကာ အသက် ၃၀ ဝန်းကျင်အမျိုးသားနှစ်ဦးမှာ လက်နှင့် ရင်ဘတ်တွင် ပေါက်ထွက်ဒဏ်ရာများရရှိခဲ့သည်။ 

“ဦး​ခေါင်းထိတဲ့အမျိုးသမီးကို အသက်လု​နေရပါတယ်။ အလွန်စိုးရိမ်ဖွယ်အ​ခြေအ​နေပါ။ ရင်ဘတ်ထိတဲ့ အမျိုးသားတစ်ဦးကလည်း ထုတ်ချင်း​ပေါက်ပါ။ ကျည်အစစ်လို့ မှတ်ချက်ချထားပါတယ်ဟု ကုသ​ပေး​နေသည့် ဆရာဝန်က Myanmar Now ကို​ ပြောသည်။”

ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုအတွင်း Mizzima သတင်းဌာန၏ နေပြည်တော်အခြေစိုက်သတင်းထောက် ကိုသန်းထိုက်အောင်လည်း ရာဘာကျည် နှစ်ချက်ထိမှန်ခဲ့သည်။

“ဘယ်ဘက်နောက်ကျောကို ရာဘာကျည်နှစ်ချက်ထိတယ်။ အောင့်နေတယ်၊ နာနေတယ်” ဟု ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိခဲ့သူ ကိုသန်းထိုက်အောင်က ပြောသည်။

ဖြိုခွင်းခံရမှုအတွင်း ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ အရေအတွက်နှင့် အသေးစိတ်အခြေအနေများကိုမူ အာဏာပိုင်များထံမှ စုံစမ်းမေးမြန်း၍ မရသေးပေ။

အုပ်ချုပ်ရေးမြို့တော်နေပြည်တော်၏ အချက်အချာကျသော သပြေကုန်းအဝိုင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၉) နံနက် ၈ နာရီခန့်ကတည်းက လူသိန်းချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နှင့် အစိုးရရုံးဌာနများသို့ သွားရာလမ်းတွင် အချက်အချာကျပြီး ဗိုလ်ချုပ်ကြေးရုပ်ရှိရာ သပြေကုန်းအဝိုင်းသို့ သွားရာလမ်းမများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ပျဉ်းမနား – တောင်ညိုလမ်းပေါ်ရှိ စိန်ဒေါင်း ကုန်တိုက်အနီးတွင် စုရုံးနေသည့် ဆန္ဒပြပြည်သူများကို မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ဖြိုခွင်းမခံရမီတွင် ရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ဆန္ဒပြသူများနှင့် လာရောက်ပူးပေါင်းခဲ့ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပူးပေါင်းပါဝင်ကြရန် ၎င်းက ပန်ကြားခဲ့သည်။

ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းလာသည့် ရဲအရာရှိက လူအုပ်ကို ထိုသို့ဟောပြောအပြီးတွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့က အဆိုပါအရာရှိကို ထုတ်ပေးရန် တောင်းဆိုရာတွင် မအောင်မမြင်ဖြစ်ပြီးနောက် အချိန်ပိုင်းအတွင်းပင် ဖြိုခွင်းခံရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ကဖြိုခွင်းရာတွင် ကျည်ဖြင့် အချက် ၅၀ ထက်မနည်းပစ်ခတ်ခြင်း၊ အဓိကရုဏ်းနှိမ်နင်းရေး ရေအမြောက်ကားသုံးခြင်း စသည့်နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။

ဖြိုခွင်းခံရပြီးနောက် နေ့လယ် ၂ နာရီခွဲအထိ ရဲတပ်ဖွဲ့ပိတ်ဆို့ထားရာ လမ်းတစ်ဖက်တစ်ချက်တွင် ဆန္ဒပြ ပြည်သူအချို့ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button