
စစ်အာဏာသိမ်းမှု ဆန္ဒပြသူများကို ထောက်ခံကြောင်း အင်တာနက်မှ ပြောဆိုပြီးနောက် အကျယ်ချုပ်ကျခံနေရသူများထဲမှ ကရင်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေ့လယ် ၂ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နေအိမ်မှ လာရောက်ခေါ်ယူသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသွားသည့် အကြောင်းရင်းနှင့် လက်ရှိ ထိန်းသိမ်းထားသည့် နေရာကို မသိရသေးကြောင်း NLD ပါတီ သတင်းရင်းမြစ်များက ပြောသည်။
ပြည်နယ်လွှတ်တော်ခေါ်ယူမည့်အစီအစဉ်ကို အာဏာသိမ်းစစ်ကောင်စီက စိုးရိမ်မှုကြောင့် ပြန်လည်ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က သုံးသပ်သည်။
“အဓိကတော့ ပြည်သူနဲ့ အဆက်ဖြတ်လိုက်တဲ့သဘောပဲ” ဟု သူက ပြောသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် အမှာစကားပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် နေရာရွှေ့ခံရခြင်း ဖြစ်သည်။
ကရင်ပြည်နယ်တွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှစ၍ တောင်ကလေး ၂၀၂ ခြေမြန်တပ်ရင်းတွင် ထိန်းသိမ်းခံရသည်။ နောက်တစ်နေ့တွင် ဝန်ကြီးများအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသည်။
စစ်ကိုင်းတိုင်းမှ အဖမ်းအဆီး
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ အကျယ်ချုပ်ထားသည့် နေအိမ်များမှ ခေါ်ဆောင်သွားခံရသည်ဟု NLD ပါတီဘက်က အတည်ပြုကြောင်း RFA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွင် ဗဟိုအစိုးရနှင့် ပြည်နယ်တိုင်း အစိုးရခေါင်းဆောင်များ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၈ရက်နေ့တွင် နေရာပြောင်းရွှေ့ထိန်းသိမ်းမှုမှာ မုံရွာမြို့တွင် ပေါ်ပေါက်နေသော အင်အား သုံးသိန်းခန့် ပါ၀င်သည့် ဆန္ဒပြပွဲကြီးနှင့် ချိတ်ဆက်ခံရဖွယ်ရှိသည်ဟု မုံရွာ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်ကဆိုသည်။
“၁နာရီလောက်က ဖုန်းဝင်လာလို့ သိရတာ၊ ဝန်ကြီးချုပ်တော့ ပါသွားပြီဆိုပြီး၊ နောက်ဆက်တွဲတော့ မသိရသေးဘူး” ဟု ၄င်းက ဆိုသည်။
“မုံရွာမြို့ပြည်သူလူထုက သူတို့ရဲ့ဆန္ဒသဘောထားကို ပြသတာဖြစ်ပါတယ်၊ ဝန်ကြီးချုပ်က လှုံ့ဆော်တာ မဟုတ်ပါဘူး၊ ပြည်သူတွေ ဒီလိုထွက်လို့ ဝန်ကြီးချုပ်ကို ဖမ်းဆီးတာက မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချပါတယ်၊ အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပါတယ်၊ ပြည်သူလူထုလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဒေါ်အမာကြည်က ဆက်ပြောသည်။
ယနေ့မနက်ပိုင်းတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အာဏာရှင်ကို တိုက်ထုတ်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အကျယ်ချုပ်မှ ရိုက်ကူးပြောကြားထားသော ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန်နှံ့လာပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်သားများက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့ခံတစ်ဦးက ဆိုသည်။
“သူတို့အကြောင်းပြတာက ဖေ့ဘုတ်မှာ video တင်ပြီး လှုံ့ဆော်လို့ပေါ့။ အခု နမခမှာ ထိန်းသိမ်းထားတယ်ကြားတယ်” ဟု မုံရွာမြို့ခံ ကိုဇော်သူရိန်ထွန်းက ဆိုသည်။
မိသားစုဝင်များနှင့် ကိုယ်ရေးအရာရှိတို့ကိုမူ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဟု သိရသည်။
Myanmar Nowက ကြည့်ရှုခွင့်ရခဲ့သည့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ ပြည်သူသို့ ပန်ကြားသည့် ရုပ်သံဖိုင်တွင် “ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်အားကို ရယူမှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ မည်သည့်အာဏာရှင်ကိုမှ လက်သင့်မခံတဲ့မူကို ကျင့်သုံးလျက်ရှိပါတယ်၊ ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်အားကြောင့် အနိုင်ရရှိခဲ့ပါတယ်၊ ဒါလည်း တရားမျှတမှု နဲ့ဖြစ်လာတာဖြစ်ပါတယ်၊ ထို့အတူပဲ Clivil Disobedience Movement (CDM) မှာ အားလုံး ပူးပေါင်းပါဝင်နေတဲ့အတွက် ဝမ်းသာအားရမိပါတယ်၊ ကြက်သီးမွေးညင်းထမိပါတယ်၊ စစ်အာဏာရှင်ကျဆုံးသည်အထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ ပြည်သူလူထုတစ်ရပ်လုံး နောက်မဆုတ်ဘဲ လုပ်ဆောင်ပေးကြပါ၊ အခုချိန်မှာတော့ ကျွန်တော်ဟာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတာဖြစ်လို့ ဘာမှ လုပ်မပေးနိုင်ပါဘူး၊ အကျယ်ချုပ်က လွတ်လာရင် ပူးပေါင်းပါဝင်ပေးပါ့မယ်” ဟု ပြောဆိုထားသည်ကို တွေ့ရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်တွင် ရဲလုံခြုံရေး အများအပြားချထားပြီး လမ်းများပိတ်ဆို့ထားသည်ဟု မုံရွာမြို့ခံများက ဆိုသည်။
မုံရွာမြို့တွင် ယနေ့မနက်ပိုင်းက ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးက အင်အား သိန်းချီကာ ဆန္ဒပြခဲ့ကြသည်။
တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ပေါ်ပေါက်နေသည့် ဆန္ဒပြပွဲများ၊ လုပ်ငန်းခွင်မ၀င်ရေး လှုပ်ရှားမှုများတွင် ဌာနဆိုင်ရာဝန်ထမ်း အများအပြား ပါဝင်နေကြသည်။