
တပ်မတော်က အာဏာသိမ်းပြီး ၆ ရက်အကြာ ယနေ့ (ဖေဖော်ဝါရီ ၇) တွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ တွင် သိန်းသောင်းချီသော လူများ လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။
ရန်ကုန်မြို့တွင် သိန်းနှင့်ချီသောသူများသည် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံမှ ရန်ကုန်မြို့လယ် ဆူးလေဘုရားအထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး မြေနီကုန်း၊ တာမွေစသည့် မတူညီသော နေရာများမှလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များ ဦးဆောင်သည့် အဆိုပါချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူအများစုမှာ အသက် ၂၀ နှင့် ၃၀ အရွယ် လူငယ်လူရွယ်များ ဖြစ်ကြသည်။
ချီတက်ဆန္ဒပြသူများက “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ၊ “Long Live The Democracy” ၊ “အမေစုကို အမြန်လွှတ်”, “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”, “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဟု လမ်းတစ်လျှောက် ကြွေးကြော်ခဲ့ကြသည်။

“ပြည်သူလူထုရဲ့ အာဏာကို လက်နက်ရှိတဲ့ လူတစ်စုက မတရားသိမ်းပိုက်တာ ဖြစ်တယ်။ အရှေ့မှာလည်း အာဏာသိမ်းတဲ့ဖြစ်စဉ်တွေက အများကြီးရှိတယ်။ အဲဒီမှာလည်း ပြည်သူတွေနဲ့ ကျောင်းသား၊ ရဟန်းရှင်လူတွေက သွေးမြေကျခဲ့ပြီး တောင်းဆိုခဲ့တာ။ ဒီမိုကရေစီခရီးဟာ ဒီနေ့အထိ ပန်းတိုင်ကို မရောက်သေးဘူး” ဟု ကိုဝေယံဖြိုးက ပြောသည်။
ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက် ဘေးမှ ဝန်းရံသူများ ရှိသကဲ့သို့ ကားဖြင့်လိုက်၍ ဟွန်းတီးကာ အားပေးကြသူများလည်း ရှိသည်။ ချီတက်ရာလမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်တိုက်ခန်းများမှနေ၍လည်း လက်ခုပ်လက်ဝါးတီးခြင်း အော်ဟစ်အားပေးခြင်းများဖြင့် ဝန်းရံကြသည်ကို တွေ့ရသည်။
ဝန်းရံ ပြည်သူများက လက်သုံးချောင်းထောင်လျက် ချီတက်ဆန္ဒပြသူများနှင့် အတူရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသကြသည်။ ဆန္ဒပြသူများကို စားစရာများ၊ အချိုရည်နှင့် ရေသန့်ဘူးများ လိုက်လံပေးကမ်းသည်ကိုလည်း တွေ့ရသည်။

“စစ်အာဏာသိမ်းမှု သုံးကြိမ် ကြုံခဲ့ပြီးပြီ။ ဒီတစ်ခေါက်ထပ်ကြုံတယ် သေတာထက် ဘာမှမထူးတော့ဘူး။ အာဏာရှင်အောက်မှာနေရင် ခေါင်းညိတ်တတ်အောင်သာလုပ်ထား။ ဘာမှလုပ်မရဘူး” ဟု အဆိုပါ အဘွားအိုက ပြောသည်။
ချီတက်ဆန္ဒပြသူများ စုဝေးသည့် ဆူးလေဘုရားအနီးသို့ မွန်းလွဲ ၁ နာရီခန့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ခေတ္တခဏလာရောက် အားပေးခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ တွင် စတင်ရန် စီစဉ်ထားခဲ့သော်လည်း ထိုနေ့နံနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် NLD ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို တပ်မတော်က ထိန်းသိမ်းခဲ့သည်။
ထို့နောက် ဒုသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာလိုက်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာ လွှဲအပ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြို့အသီးသီးတွင် ည ၈ နာရီ အချိန်ရောက်တိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီးကြဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ရက်ဆက်ရှိလာပြီး လူအများ လွယ်ကူစွာ ပါ၀င်နိုင်သော ထိုလှုပ်ရှားမှုသည် ပိုမို ကြီးမား ကျယ်ပြန့်လာသည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်အုပ်စုအောက်တွင် တာဝန်မထမ်းဆောင်နိုင်ကြောင်း အစိုးရဆေးရုံများရှိ ဆရာဝန်များက စတင်လိုက်သည့် ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင်လည်း ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများက ပူးပေါင်းပါဝင်လာကြသည်။
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ငြိမ်းချမ်းသည့်နည်းဖြင့် အန်တုခြင်း အစီအစဉ်များကို ဖြန့်ဝေလှုံ့ဆော်သည့် နေရာတစ်ခုဖြစ်သော အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများကို အာဏာပိုင်တို့က ပိတ်ဆို့ခဲ့သည်။ ထို့နောက် အင်တာနက်ကို ထပ်မံပိတ်ဆို့ရန် အော်ပရေတာများထံ ညွှန်ကြားခဲ့သည်။
နိုင်ငံတစ်ဝန်း အင်တာနက်များ ဖြတ်တောက်ခံထားရသည့် ဖေဖော်ဝါရီ ၆ ညဦးပိုင်းတွင် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ” ဆိုသော သတင်းမှားသည် တစ်နိုင်ငံလုံး ပျံ့နှံ့ခဲ့သည်။ ဖေဖော်ဝါရီ ၇ မွန်းလွဲပိုင်းအချိန်တွင် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်က “ပြည်သူတို့နှင့်အတူ ပင်စင်စားတစ်ဦး၏ အမှန်တရားဘက်က ရပ်တည်မှု…” ဟုဆိုပြီး ယနေ့ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်မှုကို ၎င်း၏ Facebook စာမျက်နှာတွင် ရေးတင်ထားသည်ကို တွေ့ရသည်။
ယနေ့တွင် ရန်ကုန်မြို့တွင်သာမကဘဲ မြို့နယ်အများအပြား၌ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြရာ ထိုမြို့နယ်များတွင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ လားရှိုး၊ မန္တလေး၊ မော်လမြိုင်၊ အင်္ဂပူ၊ ဘောလခဲ၊ ထားဝယ်၊ မိုးကုတ်၊ မိုးမိတ်၊ မေမြို့ စသည့် မြို့များလည်း ပါဝင်ကြောင်း သိရသည်။
