သတင်း

ဆန္ဒပြပွဲများတွင် အယောင်ဆောင်များ ဝင်ရောက်နှောင့်ယှက်နိုင်ခြေကို ဒေါက်တာအောင်မိုးညို သတိပေး

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် ပါဝင်သူများအနေဖြင့် NLD အင်္ကျီများ မဝတ်ဆင်ကြရန်နှင့် ဆန္ဒပြပွဲများတွင် NLD အင်္ကျီဝတ်အယောင်ဆောင်များ ပါဝင်လာမှုကို သတိထားကြရန် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မိုးညိုက သတိပေးလိုက်သည်။

“ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ဗမာတွေရော၊ တိုင်းရင်းသားတွေရော စစ်အာဏာသိမ်းမှုကို မတရားသဖြင့် လုပ်တဲ့ကိစ္စကို ဆန့်ကျင်နေကြတာက ဝန်ထမ်းတွေရော အရပ်သူအရပ်သားတွေရော ငြိမ်းချမ်းစွာ ဆန့်ကျင်နေတာနော်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်နေတာ။”

“အခုလိုမျိုး အယောင်ဆောင်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုံစံမျိုးနဲ့ လက်နက်တွေ ဘာတွေ ယူလာမယ် တုတ်တွေ ဘာတွေ လှံတွေ ဘာတွေ ယူလာပြီးတော့ ဖျက်လိုဖျက်ဆီးလုပ်တယ် ဆိုတာသည် အင်မတန်ကို အကုသိုလ်ကြီးတဲ့ ကိစ္စပဲ။ ဒါ သမိုင်းကို စော်ကားတဲ့ကိစ္စ၊ ပြည်သူလူထုကိုလည်း စော်ကားတဲ့ ကိစ္စပဲ။”

ဆန္ဒပြပွဲများတွင် အယောင်ဆောင်များ ပါဝင်လာသည်ကို ဆန္ဒပြပြည်သူများအနေဖြင့် စိတ်လိုလက်ရ တုံ့ပြန်မည်ဆိုပါက အန္တရာယ်ရှိကြောင်း ဒေါက်တာအောင်မိုးညိုက သတိပေးသည်။

“ငြိမ်းချမ်းစွာ ကြိုးပမ်းနေတဲ့ လှုပ်ရှားမှုကြီးတစ်ခုလုံးကလည်း အများကြီးကို အနှောင့်အယှက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒါမျိုး မတော်မတရားတဲ့ ကိစ္စမျိုးကို၊ လက်နက်ကိုင်တဲ့ အကြမ်းဖက်မှုမျိုးကို လုံးဝမလုပ်ကြပါနဲ့လို့ ကျွန်တော်ကတော့ အနှောင့်အယှက်ပေးမယ့်လူတွေကို လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ်။”

“နောက်တစ်ချက်ကလည်းပဲ အနှောင့်အယှက်ပေးမယ့်လူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝတ်စုံတွေ ဝတ်လာတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က သာမန်အရပ်သူအရပ်သားတွေနဲ့ တစ်တန်းစားတည်းဖြစ်အောင်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ဆန္ဒပြသူတွေကိုလည်း ယူနီဖောင်းတွေ မဝတ်စေချင်ဘူး။ NLD တံဆိပ်တွေ NLD အင်္ကျီတွေ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီတွေ မဝတ်စေချင်ဘူး။ သာမန် အရပ်သူအရပ်သားတွေ ပုံစံနဲ့ တစ်တန်းစားတည်း ဖြစ်စေချင်ပါတယ်။”

ဆန္ဒပြပွဲများတွင် NLD အင်္ကျီဝတ် ဟန်ဆောင်သူများ ပါဝင်လာနိုင်ခြေကို အထူးသတိထားရန်နှင့် ခြေလွန်လက်လွန် တုံ့ပြန်ခြင်းမျိုး မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်းလည်း ဒေါက်တာအောင်မိုးညိုက ပြောသည်။

Show More

Related Articles

Back to top button