လေ့လာသုံးသပ်ချက်

နိုင်ငံရေးတင်းမာမှုနှင့် တပ်ချုပ်ရာထူး သက်တမ်းကုန်ခါနီး

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တို့ ပေါ်ထွန်းလာမည့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းထားရန် တပ်မတော်က တောင်းဆိုထားသည်ဟု သတင်းများထွက်ပေါ်နေချိန်သည် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၅နှစ်ပြည့်မည့် ကာလနှင့် တိုက်ဆိုင်နေသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့် ၂၀၁၆ ဇွန်လအတွင်း နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောထားခဲ့ဖူးသည်။

ထိုစဉ်က အသက် ၆၀ ပြည့်ချိန်ဖြစ်သဖြင့် ရာထူးသက်တမ်းတိုးထားခြင်းရှိမရှိ သတင်းထောက်အချို့ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြန်လည်ဖြေကြားရာတွင် ထိုသို့ပါဝင်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်တဲ့သူကျတော့လည်း အကန့်အသတ်မဲ့ဆိုတာ မပေးဘူး၊ ခွင့်မပြုဘူး။ သတ်မှတ်ထားတဲ့အသက်အထိပဲ ထမ်းဆောင်လို့ရမယ်ဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ပေးတယ်။ ဒါကြောင့်သက်တမ်းတိုးတယ်တို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ သက်တမ်းကန့်သတ်ပေးလိုက်တာ၊ ဘယ်နှစ်ထိပဲ လုပ်ရမယ်ဆိုတာ၊ ကန့်သတ်ချက်ပေးတာပဲရှိတယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ပြောခဲ့သည်။

မည်သည့်အသက်အရွယ်အထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားသည်ဆိုသည်ကိုမူ ဗိုလ်ချုပ်မှူးကြီးက ထုတ်မပြောပေ။

သို့သော် ၂၀၁၆ အတွင်း ရန်ကုန်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကာကွယ်ရေးဌာနကောင်စီ (ကကန) ၏ ၂၀၁၄ခုနှစ်အတွင်း ထုတ်ပြန်သည့် ညွှန်ကြားလွှာအရ တပ်ချုပ်နှင့် ဒုတပ်ချုပ် ရာထူးသက်တမ်းမှာ အသက် ၆၅နှစ်အထိသာဖြစ်ကြောင်း အတည်ပြုထားဖူးသည်။

ယခင် ကကနကောင်စီညွှန်ကြားလွှာပါ “တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခံထားရသူများသည် တပ်မတော်ကလိုအပ်သည့် အချိန်အတိုင်း တာဝန်ထမ်းဆောင်နိုင်သည်”ဆိုသော ပြဋ္ဌာန်းချက်နေရာတွင် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့၏ အသက်အရွယ်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသော်လည်း တပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ဧပြီတွင် အသက် ၆၅ ပြည့်မည်ဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နှစ်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အတည်ပြုထားပြီးဖြစ်သည်။

ရာထူးသက်တမ်းထပ်တိုးရန်ရှိမရှိ သတင်းထောက်များက မေးမြန်းသည့်အခါတွင်မူ “ယခုကာလကတော့ (၂၀၂၀)ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ ကိုယ်စားလှယ်လောင်းများ ရရှိထားတဲ့ ပါတီအနေနဲ့က အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဒီကိစ္စတွေပြီးဆုံးမှ ဒီမေးခွန်းရဲ့အဖြေ တိတိကျကျရရှိလာမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားသည်။

တပ်မတော်က ထိုသို့ထုတ်ပြောချိန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ခေါ်ယူ၍ အစိုးရအဖွဲ့အသစ်တစ်ရပ် ဖွဲ့စည်းရန် စတင်ပြင်ဆင်နေချိန်လည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်နိုင်ခြေများရှိသည်ဟု တပ်မတော်က စတင်ထုတ်ပြန်ပြောဆိုလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်အဖွဲ့အစည်းအတွင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနေရာတွင် မည်သို့သော အခက်အခဲများရှိနေပါသနည်းဟု Myanmar Now က မေးမြန်းသည့်အခါ တပ်တွင်း၌ ဘာမျှခက်ခဲမှုမရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

သို့သော် မဲမသမာမှုဖြစ်နိုင်ခြေများကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်သင့်ခံရန်ခက်သည်ဆိုသော လေသံပစ်မှုများမှတစ်ဆင့် “အာဏာမသိမ်းနိုင်ဟုမမှတ်ယူနိုင်”၊ ”အခြေခံဥပဒေကို ဖျက်ပစ်၍ရသည်” ဟူ သောသတင်းစကားများကိုပင် တပ်ချုပ်နှင့် တပ်ပြောရေးဆိုခွင့်ရှိသူတို့က ဆက်တိုက်ထုတ်ပြန် ပြောဆိုလာသည်။

တပ်မတော်၏ တောင်းဆိုချက်များ၊ ရပ်တည်ပြောဆိုနေချက်များမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် မဆိုင်ဟု တပ်မတော်ဘက်ကဆိုသော်လည်း တပ်ချုပ်ကမူ ၎င်း၏ နိုင်ငံရေးအိပ်မက်ကို ရွေးကောက်ပွဲမတိုင်မီကတည်းက တစ်စွန်းတစ်စ ထုတ်ဖော်ပြောကြားခဲ့ပြီးလည်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငါးလခန့်အလို၊ တပ်ချုပ်ရာထူးသက်တမ်းမပြည့်မီ တစ်နှစ်ခန့်အလိုတွင် ရုရှားသတင်းဌာန Arguments and Facts နှင့် တွေ့ဆုံမေးမြန်းခန်းတွင် နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားဖူးသည်။

“ဒီအတွေ့အကြုံတွေက တပ်မတော်အတွက်ရော၊ တိုင်းပြည်အတွက်ရော၊ ပြည်သူ့အတွက်ရော ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့်ဟာလို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့ပြောပြီး များမကြာမီ အဆာဟိရှင်ဘွန်းသတင်းစာနှင့် တွေ့ဆုံသည့်အခါတွင်လည်း “ကျွန်တော့်ရဲ့အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဖူးသည်။

အထက်ပါအချက်များကို ထောက်ချင့်၍ လက်ရှိပေါ်ပေါက်နေသည့် မတည်ငြိမ်မှုများမှာ တပ်မတော်အဖွဲ့အစည်းတစ်ရပ်လုံးထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်သာ သက်ဆိုင်ကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။

“တပ်ချုပ်အဖြစ်က အနားယူဖို့ကလည်း နီးလာပြီ။ ရွေးကောက်ပွဲရလဒ်အရ သမ္မတလည်းမဖြစ်နိုင်ဘူးဆိုတော့ တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင်ဖြစ်ချင်ရင် နည်းနာတစ်ခုပဲ ကျန်တော့တယ်၊ အဲဒါ ဘာလဲဆိုတော့ စစ်အာဏာသိမ်းပြီး တိုင်းပြည်အာဏာကို ရယူတဲ့နည်းပဲ ကျန်တော့တယ်”ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံမှုဖြင့် ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ခန့်အပ်နိုင်သည့်အချက်မှာ ဗိုလ်ချုပ်မှူးကြီးကို အခက်တွေ့စေနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အငြိမ်းစားမယူမချင်း (သမ္မတက) ကာလုံအစည်းအဝေးတွေဘာတွေ ခေါ်မှာမဟုတ်ဘူး။ မယူခင် ခေါ်ပေးပါဆိုရင်လည်း အရပ်ဘက်အစိုးရအနေနဲ့ ခေါ်ပေးဖို့တော့ လမ်းမမြင်ဘူး။ သူ့ဟာသူ အငြိမ်းစားယူရမယ်”ဟု ဦးစည်သူအောင်မြင့်က ပြောသည်။

သို့သော် အခြေခံဥပဒေက တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးထားသည့် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေဖြင့် ဥပဒေ၏ အကန့်အသတ်အတားအဆီးများကို လက်ကျန်အချိန်တွင်း ဖန်တီးယူလို့ရနိုင်သဖြင့် ကာလအပိုင်းအခြားတစ်ခုအထိ သက်တမ်းတိုးလာနိုင်ခြေလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တပ်ချုပ်တွေက သူအနားယူမယ်ဆိုရင် နောက်ဆက်ခံမယ့်သူကို သူ့စိတ်တိုင်းကျ ထားခဲ့လို့ရတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အငြိမ်းစားယူမယ်ဆို အဲဒီအခွင့်အရေး ဆုံးရှုံးနိုင်ခြေရှိတယ်”ဟု ဦးစည်သူအောင်မြင့်က ဆိုသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုမှ တပ်မတော်အရာရှိဟောင်း ဒေါက်တာနိုင်ဆွေဦးကမူ ရာထူးသက်တမ်း တိုးမတိုးကိစ္စမှာ တပ်ချုပ်တစ်ဦးတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ ကကနကောင်စီ၏ သဘောတူညီချက် ရရန်လိုသည်ဟု ထောက်ပြသည်။

“ပြောရတော့ခက်တယ်။ အဆင့်ဆင့်တော့ သွားရတာရှိတယ်၊ သက်တမ်းတိုးမယ်၊ မတိုးဘူးပေါ့။ ဒီလိုမျိုး ဆက်လုပ်ဖို့ရနိုင်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ သိပ်မသဲကွဲတာက ကာလုံကို ပြန်ပြီးတင်ပြစရာ လိုလား မလိုလား၊ ဒါကတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ တပ်ချုပ်ရာထူးမှ အနားယူမယူ အတည်မပြုနိုင်သေးသည့်အချိန်မှာ အစိုးရသစ်ဖွဲ့စည်းရန် ကာလအတွင်းဖြစ်နေသည်မှာ ယနေ့ပေါ်ပေါက်နေသည့် ရှုပ်ထွေးမှုများ၏ အကြောင်းတစ်ရပ်ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးကလည်း သုံးသပ်သည်။

“အာဏာတကယ်သိမ်းမလား သို့မဟုတ် သူ့ကို အပေးအယူလုပ်စေချင်လို့ တမင်ကျပ်ပြနေသလားဆိုတာ သူပဲသိတာ”ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း တပ်မတော်သံချပ်ကာယာဉ်တို့ကို မြို့ကြီးအချို့တွင် ဖြတ်သန်းမောင်းနှင်ပြခြင်း၊ နိုင်ငံအနှံ၌ တပ်မတော်ထောက်ခံပွဲများ နေ့စဉ်ရက်ဆက်ပေါ်ပေါက်နေခြင်းတို့ကြောင့် တပ်မတော်က အာဏာသိမ်းလိုက်လျှင်ဆိုသော စိုးရိမ်ပူပန်မှုများလည်း ပြည်သူများအကြားတွင် မြင့်တက်နေသည်။

ထိုသို့ပေါ်ပေါက်နေသည့် အခြေအနေများကို ခုခံနိုင်ရန် လွှတ်တော်ခေါ်ခြင်း၊ အစိုးရဖွဲ့ခြင်း၊ အစိုးရ၏ လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း စသည့် ရွေးကောက်ပွဲရလဒ်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို မျက်ခြည်ပြတ်မခံကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူများကို တိုက်တွန်းထားသည်။

Show More

Related Articles

Back to top button