သတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လို့ရသည်ဟု တပ်ချုပ်ထုတ်ပြော

တပ်မတော်က နေပြည်တော်၌ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ယနေ့တွင် ဥပဒေကို လိုက်နာခြင်းမရှိပါက ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ဖျက်ခဲ့သည့်နည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်ပစ်လို့ရနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်” ဟု တပ်ချုပ်က ပြောသည်။ 

“ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ” ဟု ဆိုသည်။ 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Conferencing ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook စာမျက်နှာတွင် ယနေ့ ညနေပိုင်းက ထုတ်ပြန်ပြီးနောက် တပ်ချုပ်အမှာစကားပါ ကောက်နုတ်ချက်များကို ခြောက်ခုထက်မနည်းသော Post များဖြင့် ယနေ့ညပိုင်းတွင် ထပ်မံ၍ တစ်ပြိုင်နက်တင်ထားသည်ကို တွေ့ရှိရသည်။ 

“ဥပဒေက အငြင်းပွားစရာဖြစ်လာပြီ ဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရတယ်။ ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ဆိုလို့မရဘူး။ …………….ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက် အဆိုးကို ဖြစ်စေတယ်” ဟုလည်း တပ်ချုပ်က အမှာစကားပြောခဲ့သည်ဟု ဆိုသည်။ 

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးဒဏ်ကို ခံစားလာရသော မြန်မာလူထုသည် ယခုကဲ့သို့ တရားဝင်ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်မပြုဘဲ အာဏာသိမ်းနိုင်ခြေရှိကြောင်း ပြောဆိုချက်များကြောင့် စိတ်ပူပန်သောက ရောက်နေသည်။ 

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ခေါင်းဆောင်များက စိတ်ကြိုက်လိုသလို ရေးဆွဲအတည်ပြုခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကို ကြီးမားသည့် အခွင့်အာဏာများအပ်နှင်းထားသည်။ ထိုဥပဒေအရ လက်နက်ကိုင်အဖွဲ့အားလုံးကို ထိန်းချုပ်သူမှာ နိုင်ငံတော်သမ္မတမဟုတ်ဘဲ တပ်ချုပ်ဖြစ်ပြီး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများကို တပ်ကထိန်းချုပ်ထားသည့်အပြင် လွှတ်တော်အသီးသီး၏ ၂၅ ရာခိုင်နှုန်းကို ပြည်သူများ၏ ဆန္ဒလုံးဝမပါဘဲ အခန့်သင့်ဝင်ရောက်နေရာယူခွင့်ရှိထားသည်။

ထိုသို့အခြေအနေမှာပင် အာဏာသိမ်းချင်လည်းသိမ်းနိုင်တယ်၊ မသိမ်းချင်လည်းမသိမ်းနိုင်တယ်ဟူသော စကားဦးသန်းမှုမျိုးကို တပ်မတော်က ထုတ်ဖော်ပြောဆိုလာသည်။

တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ မစတင်မီရက်ပိုင်းအလို နေပြည်တော်၌ ယနေ့ (ဇန်နဝါရီ ၂၆) ကျင်းပပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က အာဏာမသိမ်းဘူးဟု ပြောနိုင်ပါသလားဟူ၍ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “မရပါဘူး။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာ ဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

ထို့ပြင် “တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်း မပြောဘူး” ဟု ၎င်းက ဆက်လက်ပြောကြာပြီး မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်နိုင်ခြေများထုတ်ပြန်နေခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေနှင့်အညီ တောင်းဆိုနေခြင်းသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မှားယွင်းမှုရှိသော မဲစာရင်း ၈ ဒသမ ၆ သန်းကျော် ရှိသည်ဟုလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ထည့်သွင်းပြောကြားခဲ့သည်။ 

“နိုင်ငံရေးအကျပ်အတည်း” ဟုပင် တပ်မတော်က ရည်ညွှန်းထားသည့် ရွေးကောက်ပွဲမဲစာရင်း မှားယွင်းနိုင်ခြေများနှင့် ပတ်သက်၍  ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ထံ တောင်းဆိုထားပြီးဖြစ်ရာ ‘အမေးရှိရင် အဖြေရှိရမည်’ ဟုလည်း တပ်မတော်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

တပ်မတော်၏ တောင်းဆိုချက်များကို ဖြေရှင်းပေးခြင်း မရှိပါက မည်သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ထိုမေးခွန်းထုတ်မှုများအတွက် ၎င်းတို့တွင် အဖြေရှိပြီးဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျုံးဝင်တာ မှန်သမျှကို ကျန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တိုက်ရိုက်အာဏာသိမ်းခွင့်မရှိဘဲ နိုင်ငံအတွင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့်သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ့အာဏာကို အချိန်အပိုင်းအခြားဖြင့် ရယူကျင့်သုံးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပစ်မှသာ တပ်မတော်အနေဖြင့် တိုင်းပြည်အာဏာကို သိမ်းယူနိုင်မည်ဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ပြောကြားမှုနှင့် ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အကျပ်အတည်းများကို ဥပဒေနှင့်အညီသာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်သည်။ 

“ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်ဖြစ်ထွန်းတာ၊ လုပ်ဆောင်တာအားလုံးကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်” NLD ၏ ရွေးကောက်ပွဲဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြောဆိုလိုက်သည်။

Show More

Related Articles

Back to top button