
ရွေးကောက်ပွဲရလဒ်ကို အစဉ်တစိုက်မေးခွန်းထုတ်နေသည့် တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် ပြည်ထောင်စုအဆင့်လွှတ်တော်များသို့ တက်ရောက်ရန် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးပြီးပြီဖြစ်သည်။
ယနေ့ထုတ်( ဇန်နဝါရီ ၂၄) တပ်မတော်ပိုင် မြဝတီသတင်းစာတွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့တို့ကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး ကိုဗစ်နိုင်တင်းရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ပိုး မရှိဟု သတင်းဖော်ပြထားသည်။
ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ တွင်လည်း တပ်မတော်အရာရှိကြီးတစ်ဦး ပါဝင်သည်ဟု အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ယနေ့ အတည်ပြုသည်။
နေပြည်တော်ရှိ NLD ယာယီဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်မြင့်မောင်က အဆိုပါ စိစစ်ရေးအဖွဲ့တွင် ပါဝင်သူများကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
“UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ဦးသန်းဌေးက ဥက္ကဋ္ဌ၊ ကျွန်တော်တို့ဆီက ဒေါ်မေဝင်းမြင့် (NLD ဗဟိုအလုပ်အမှုဆောင်) ပါတယ်။ တပ်မတော်က ဗိုလ်မှူးကြီးကျော်ကျော်ဝင်း ဆိုလား မသိဘူး၊ တစ်ယောက် ပါတယ်။ လွှတ်တော်က ဦးကျော်စိုး ပါတယ်။ ဒါတွေ ဖွဲ့ပြီးပြီ။ ဥပဒေအတိုင်း သွားတာပဲလေ” ဟု ၎င်းက ဆိုသည်။
အခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ၂၅ရာခိုင်နှုန်း ကိုယ်စားပြုခွင့် ရထားသည့် တပ်မတော်သည် ၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးနောက် မဲစာရင်း မှားယွင်းမှုများ၊ မဲ မသမာမှုဖြစ်နိုင်ခြေများရှိနိုင်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၃) အထိ ၂၄ ကြိမ်တိုင် ထုတ်ပြန်ပြောဆိုနေသောအဖွဲ့အစည်း ဖြစ်သည်။
တပ်မတော်၏ ဇန်နဝါရီ ၂၀ ထုတ်ပြန်ချက်တွင် မဲမသမာမှုဖြစ်နိုင်သောစာရင်း စုစုပေါင်း ရှစ်သန်းနီးပါး ရှိနိုင်သည်ဟု ဆိုထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ လွတ်လပ်မျှတကြောင်း ထုတ်ဖော်ပြသနိုင်မှ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဟုပင် ဆိုထားသည်။
ထို့အတူ ယင်းသို့အငြင်းပွားစရာကိစ္စများကို နိုင်ငံရေးအကျပ်အတည်းဟုပင် တပ်မတော်က ရည်ညွှန်းခဲ့ပြီး နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးရန်ကိုပါ အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆိုခဲ့သည်။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ဖေဖော်ဝါရီ ၁ တွင် စတင်မည့် ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၏ အမည်စာရင်းများကို ၂၀၂၀ ဒီဇင်ဘာလ လကုန်ပိုင်းကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါလွှတ်တော်နှစ်ရပ် ပူးပေါင်းကျင်းပရမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၅တွင် စတင်ရန်ရှိပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးနှင့် အစိုးရအဖွဲ့ဖွဲ့စည်းရေးလုပ်ငန်းများဆောင်ရွက်မည်ဟု လွှတ်တော်အာဏာပိုင်များက ကြေညာထားပြီးဖြစ်သည်။