သတင်း

တွံတေးရှိ ရွှေနဂါးဓာတ်မြေသြဇာလုပ်ငန်းများ ရပ်ဆိုင်းထားရန် ညွှန်ကြား

စက်ရုံထွက် အနံ့ဆိုးနှင့် အမှုန်များကြောင့် ဒေသခံတို့ ကန့်ကွက်နေသည့် တွံတေး – မအူပင်ကားလမ်းမပေါ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသည် မြေငှားစာချုပ်ပါအချက်များကို ကျော်လွန်လုပ်ကိုင်နေ၍ လုပ်ငန်းများရပ်ဆိုင်းထားရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရုံကို အကြောင်းကြားထားသည်။ 

ရန်ကုန်၊ တွံတေးမြို့နယ် ကုလားတန်းကျေးရွာရှိ အဆိုပါ ဦးစီးဌာနပိုင်မြေ ၂၇.၇၇ ဧက ကို ဓာတ်မြေသြဇာများ တင်ချခြင်း၊ သိုလှောင်ခြင်းတို့အတွက် မြန်မာ့ရွှေနဂါး စိုက်ပျိုးရေးစွမ်းအားစုကုမ္ပဏီက ငှားရမ်းထားခြင်းဖြစ်သည်။

သို့ရာတွင် ဓာတ်မြေသြဇာ ရောစပ်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုပ်ပိုးခြင်း စသည့် ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်တို့ကို စက်ရုံက ကျော်လွန်လုပ်ဆောင်နေသည်ဟုဆိုကာ ချက်ချင်းရပ်ဆိုင်းထားရန် ဦးစီးဌာနက ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် စက်ရုံသို့ အကြောင်းကြားခဲ့သည်။

ဓာတ်မြေသြဇာထုပ်ပိုးရန် သင့်တော်သည့် အဆောက်အအုံမဟုတ်သောကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ရန်ကုန်တိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောသည်။ 

“သိုလှောင်ခွင့်နဲ့ တင်ချခွင့်ပဲ စာချုပ်ချုပ်ထားတာ။ သူတို့ (ကုမ္ပဏီ) က အဲဒီလိုမဟုတ်ဘူး။ အမိုးနီးယားဆာလဖိတ်တို့၊ တီဆူပါတို့နဲ့ ရောပြီး စပါး၊ ပဲ အထွက်တိုးဖို့ အသင့်သုံးဓာတ်မြေဩဇာအဖြစ် ပြန်လည်ထုပ်ပိုးတာပေါ့။ အဲဒီတော့ အမှုန်ထွက်တာပေါ့။ သူတို့ လက်ရှိအဆောက်အအုံက အမှုန်တွေကို ထိန်းနိုင်တဲ့အနေအထား မရှိဘူး” ဟု ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က Myanmar Now ကို ပြောသည်။ 

ဦးစီးဌာနက ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသို့ ဇန်နဝါရီ ၁၀ တွင် သွားရောက်ကွင်းဆင်းစစ်ဆေးပြီးနောက် လုပ်ငန်းများ ချက်ချင်းရပ်တန့်ထားရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

ကုမ္ပဏီက အဆိုပါမြေနေရာကို တစ်နှစ် သိန်း ၆၀၀ ကျော်ဖြင့် ၂၀၁၇ မှ  ၂၀၂၀ အထိ ၃ နှစ် သက်တမ်းစာချုပ်ဖြင့် ကနဦးငှားရမ်းခဲ့သည်။ ထို့နောက် ငှားရမ်းခွင့်ကို ၂၀၂၂ အထိ ၂ နှစ်ထပ်မံ သက်တမ်းတိုး ချုပ်ဆိုထားသည်။ 

ဌာနဆိုင်ရာ၏ ညွှန်ကြားချက်ကို လိုက်နာနေသည်ဟု ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ်ဌာန မန်နေဂျာ ဦးစန်းထွန်းဦးက Myanmar Now ကို ပြောသည်။

“သူတို့ ပြောကတည်းက ရပ်ထားတယ်။ အထဲမှာ သိုလှောင်ထားတဲ့ ဟာတွေကတော့ ထုတ်တယ်၊ သယ်တယ်ပေါ့။ အဲဒီမှာ (လုပ်ငန်း) လည်လို့မရလို့ လှိုင်သာယာမှာ ပြောင်းလည်နေရတယ်” ဟု မန်နေဂျာက ပြောသည်။

ရွှေနဂါးဓာတ်မြေဩဇာစက်ရုံအတွင်း လုပ်ငန်းလုပ်ဆောင်နေမှုများကို ၂၀၂၀ ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကေဇွန်နွေး/ Myanmar Now)

လုပ်ငန်းလုပ်ကိုင်မှုများကို ရပ်ဆိုင်းထားသည်ဟု စက်ရုံဘက်က ပြောဆိုသော်လည်း စက်ရုံအနီး ကန်ပတ်ရိုးကျေးရွာဒေသခံများကမူ ဇန်နဝါရီ ၁၉ အထိ စက်ရုံ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။ 

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်လယ်ပိုင်းမှစ၍ စက်ရုံအနီး ကျေးရွာများမှာ အနံ့ဆိုးဒဏ်ခံနေရပြီး၊ စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာ သောက်သုံးရေကန် ညစ်ညမ်းပြီး သောက်သုံးရေအခက်အခဲ ဖြစ်နေသည်ဟုဆိုကာ စက်ရုံကို ပိတ်သိမ်းပေးရန် ဒေသခံများက တိုင်းအစိုးရကို ဒီဇင်ဘာလအတွင်း တောင်းဆိုခဲ့ကြသည်။

ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးကြောင့် အသက်ရှူမဝခြင်း၊ ခေါင်းမကြည်ခြင်းတို့ ခံစားခဲ့ရသည်ဟု အနီးရှိ ကန်ပတ်ရိုးရွာဒေသခံများက ပြောကြသည်။

ထိုသို့ ကန့်ကွက်မှုများကြောင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၁၀ တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် စာချုပ်ပါအချက်များ ဖောက်ဖျက်သည်ဟုဆိုကာ လုပ်ငန်းများရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

မြေငှားစာချုပ်ပါအချက်များကို ကျော်လွန်လုပ်ဆောင်နေသည့်အတွက် စာချုပ်ဖျက်သိမ်းသည်အထိ အရေးယူ၊ မယူမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားအပေါ် မူတည်သည်ဟု ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောသည်။

ယင်းလုပ်ငန်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ‘ထောက်ခံချက်’ တင်ပြရန် တောင်းခံထားသော်လည်း လက်ရှိအချိန်ထိ စက်ရုံဘက်မှ တင်ပြလာခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

သတ္တုနှင့် တူးဖော်ရသော လုပ်ငန်းများသာမက ဓာတ်မြေဩဇာထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် (EIA/SIA) ဟု ခေါ်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာစစ်တမ်းများကို ဝန်ကြီးဌာနထံ တင်ပြကြရခြင်း ဖြစ်သည်။ 

ရွှေနဂါးစက်ရုံဘက်ကမူ EIA/ SIA  တင်ထားသော်လည်း ဝန်ကြီးဌာနဘက်မှ ထောက်ခံချက်မပေးသေးကြောင်း တုံ့ပြန်သည်။ 

“EIA/ SIA က တင်ထားတာကြာပြီ။ တစ်နှစ်ကျော်ပြီ။ သူတို့ဘက်က ကျမှပဲ အလုပ်လုပ်လို့ ရမှာပေါ့ဗျာ” ဟု စက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ ဦးစန်းထွန်းဦးက ပြောသည်။ 

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ ရေးဆွဲရန် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းအဖြစ် HRD – Environmental training Service ကုမ္ပဏီကို ငှားရမ်းဆောင်ရွက်ခဲ့သည်။ 

ထိုသို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် ဆောင်ရွက်စဉ်က ဓာတ်မြေသြဇာသိုလှောင်ရုံအတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု HRD ကုမ္ပဏီတာဝန်ရှိသူက ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း Myanmar Now ကို ပြောသည်။ 

စက်ရုံကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ဒီဇင်ဘာ ၃၀ ကတည်းက တင်ပြထားသော်လည်း လက်ရှိအချိန်ထိ အစိုးရအဖွဲ့မှ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း တွံ့တေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button