သတင်း

လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးရန် တပ်နှင့် ပြည်ခိုင်ဖြိုးတောင်းဆို 

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူပေးရန် တပ်မတော်နှင့်ပူးပေါင်း၍ ပြည်ထောင်စုလွှတ်တော်နာယကထံ ယနေ့ (ဇန်နဝါရီ ၁၁) တွင် စာပို့တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။ 

“ဒီနေ့ ပို့လိုက်ပါပြီ။ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံ (၂၅ရာခိုင်နှုန်း) က တောင်းဆိုရင် နာယကက ခေါ်ပေးရမယ်လို့ ဥပဒေတွေထဲမှာပါတဲ့အတိုင်းပါပဲ” ဟု ဦးသောင်းအေးက Myanmar Now ကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေများအရ အထူး (သို့မဟုတ်) အရေးပေါ်အစည်းအဝေး ကျင်းပပေးရန် တောင်းဆိုလိုပါက ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံ (၂၅ရာခိုင်နှုန်း) ၏ ထောက်ခံချက် လိုအပ်သည်။ 

ထို့ကြောင့် လက်ရှိလွှတ်တော်တွင် ၆ ရာခိုင်နှုန်းသာ ကိုယ်စားပြုမှုရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန် အစီအစဉ်ကို ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရထားသည့် တပ်မတော်က ပူးပေါင်းထောက်ခံကာ လက်မှတ်ထိုးပေးထားကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက Myanmar Now ကို ပြောသည်။ 

“နှစ်ပတ်လောက်တောင်ရှိပြီ။ အားလုံးလက်မှတ်ထိုးပေးလိုက်ပြီးပြီ” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

အထူးအစည်းအဝေးခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၃၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၀ ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ကိုယ်စားလှယ်တစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၂၀၃ ဦး (၃၀ ရာခိုင်နှုန်းကျော်) က လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ထုတ်ပြန်ခဲ့သည်။ 

ထိုကဲ့သို့ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ်များက စာပို့တောင်းဆိုထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ရုံးထံမှ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပါ။ သို့သော်လည်း တတိယအကြိမ်လွှတ်တော်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာလဆန်းပိုင်းကတည်းက သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ 

ထို့အပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးမခေါ်ယူမီ ၁၅ ရက် ကြိုတင်ကျင်းပရမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း၏ ပထမဆုံးအစည်းအဝေးကို ဖေဖော်ဝါရီ ၁ တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ အထူးအစည်းအဝေးခေါ်ယူရန် လွှတ်တော်ကိုယ်စားလှယ်များကို ၁၅ ရက် ကြိုတင်ဖိတ်ကြားရမည်ဖြစ်ရာ လက်ရှိလွှတ်တော်၏ သက်တမ်းမှာ ရက်ပေါင်း ၂၀ သာ ကျန်ရှိတော့သည့်အတွက် ပြည်ခိုင်ဖြိုးပါတီ၏ တောင်းဆိုချက်မှာ ဖြစ်နိုင်ခြေအားနည်းသည်ဟု တိုင်းရင်းသားကိုယ်စားလှယ်အချို့က သုံးသပ်သည်။ 

ထို့အပြင် ယခုအချိန်သည် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလဖြစ်သဖြင့် ခရီးသွားလာခွင့်ကန့်သတ်ချက်များစွာ ရှိခြင်းကြောင့် ရုတ်တရက် လွှတ်တော်အစည်းအဝေးခေါ်ယူရန်မှာ ခက်ခဲနိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ တောင်းဆိုချက်အတိုင်း အထူးအစည်းအဝေးခေါ်ယူပေးပါကလည်း တက်ရောက်သူ သတ်မှတ်ကိုယ်စားလှယ်အရေအတွက် မပြည့်မီလျှင် အစည်းအဝေး အထမြောက်မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကိုယ်စားလှယ်များက ဆိုကြသည်။ 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော်အစည်းအဝေးတစ်ရပ်ရပ်၏ ပထမနေ့တိုင်းတွင် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။ 

ထိုသို့အထမမြောက်လျှင် လွှတ်တော်နာယကက နောက်တစ်ကြိမ် အစည်းအဝေးခေါ်ယူရမည်ဖြစ်ပြီး ထိုအခါတွင်လည်း ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံကျော် (၃၃ ရာခိုင်နှုန်းကျော်) တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်ဟု ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

ထို့ကြောင့် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များအားလုံး တက်ရောက်လျှင်ပင် ၃၁ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အထူးအစည်းအဝေး အထမြောက်နိုင်သည့် အလားအလာမရှိပေ။ လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တတိယအကြီးဆုံး အင်အားစုအဖြစ် နှစ်ပါတီပေါင်း ၅ ရာခိုင်နှုန်းရှိသည့် ANP နှင့် SNLD ပါတီတို့ကလည်း အထူးအစည်းအဝေး တက်ရောက်ရန် ရှိမရှိ မဆုံးဖြတ်ရသေးကြောင်း ဆိုသည်။​

“ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တော့ ခေါ်မယ်ဆိုရင် တက်ဖို့ဆန္ဒ ရှိပါတယ်။ ပါတီကတော့ တစ်စုံတစ်ရာဆုံးဖြတ်ထားတာ မရှိသေးပါဘူး” ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။

SNLD ပါတီမှ သီပေါမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသန့်ဇင်ကလည်း ဖေဖော်ဝါရီ ၁ တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက်သာ ပါတီအတွင်း ဆွေးနွေးစီစဉ်နေကြကြောင်း ဆိုသည်။ 

“ကိုဗစ်ကာလနဲ့ ဘာနဲ့ စီစဉ်ရမှာ လွယ်တော့မလွယ်ဘူးဗျ။ တော်တော်လေး စဉ်းစားသုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ အထူးအစည်းအဝေး ခေါ်ပေးမပေးကတော့ နာယကကြီးက သူ့လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။ 

လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားပြုမှု ၆၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးရှိသည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ပြည်ခိုင်ဖြိုးပါတီတောင်းဆိုသည့် အထူးအစည်းအဝေးတက်ရောက်ရန် ပါတီအတွင်း စဉ်းစားတိုင်ပင်နေခြင်းပင် မရှိဟု ဆိုသည်။ 

“တတိယအကြိမ်လွှတ်တော်တောင် ခေါ်ပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ လက်ကျန်ရက် အနည်းငယ်အတွင်းမှာ အထူးအစည်းအဝေးခေါ်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ကတော့ ပြည်ထောင်စုလွှတ်တော်နာယက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ တက်မတက် ဆွေးကိုမဆွေးနွေးရသေးဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောသည်။​

ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကမူ ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲမသမာမှုများ ရှိနေသည်ကို မဖြေရှင်းဘဲ တတိယအကြိမ်လွှတ်တော် ခေါ်ယူမည်ဆိုပါက သမိုင်းကြောင်း မကောင်းနိုင်ကြောင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဇန်နဝါရီ ၁၀ သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ခဲ့သည်။

Show More

Related Articles

Back to top button