အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရေး ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အခြေစိုက် ပါတီနှစ်ခုနှင့် ဇန်နဝါရီ ၁၂ နံနက်ပိုင်းတွင် တွေ့ဆုံမည်ဟု NLD က ပြောသည်။
ကယားပြည်နယ်တွင် နေရာအများစုအနိုင်ရရှိထားသည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP)၊ ကယန်းအမျိုးသားပါတီ (KNP) တို့ကို လွိုင်ကော်မြို့ရှိ ပြည်နယ်NLD ပါတီရုံးတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
“ကျွန်တော်တို့ကိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ရုံးမှာပဲ တွေ့ဆုံပါလို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီအတိုင်းပဲ တောင်းဆိုမှာပါ။ အဲ့ဒီအတိုင်းပဲ မေတ္တာရပ်ခံမှာပါ။ ကျန်တဲ့ တိုင်းရင်းသားညီအစ်ကို နိုင်ငံရေးပါတီတွေကိုလည်း ပြည်နယ်ရုံးကိုပဲ လာတွေ့ပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။
အနိုင်ရ ဒီချုပ်ပါတီက ကချင်ပြည်နယ်၌ ကချင်သုံးပါတီနှင့် ဇန်နဝါရီ ၁ က သွားရောက်ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) နှင့် ဇန်နဝါရီ ၄ က တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့သည်။
ထို့နောက် ကယားပြည်နယ်တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ တွင် စတင်ခေါ်ယူမည့် တတိယအကြိမ်လွှတ်တော်သက်တမ်း မစတင်မီ ဒီချုပ်ဘက်က တိုင်းရင်းသားပါတီများနှင့် ဆက်တိုက်တွေ့ဆုံမည်ဟု ပြောဆိုထားသည်။
လွိုင်ကော်မြို့တွေ့ဆုံပွဲအတွက် NLD ဘက်က တရားဝင်အကြောင်းကြားလာခြင်း မရှိသေးကြောင်း ကယားပြည်နယ်အခြေစိုက် နှစ်ပါတီလုံးက ဇန်နဝါရီ ၁၁ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
KySDP သည် ကယားပြည်နယ် လွှတ်တော်သုံးရပ်ပေါင်း ၃၄ နေရာအနက် ၈ နေရာ အနိုင်ရရှိထားပြီး KNP သည် ရှမ်းပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ အနိုင်ရရှိထားသည်။
ကယားပြည်နယ် NLD ဥက္ကဋ္ဌက ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့်ကိစ္စအား ဖုန်းဆက်ပြောကြားခဲ့သော်လည်း ဗဟိုကော်မတီအနေဖြင့် တရားဝင်စာပေးပို့မှု၊ တရားဝင်အကြောင်းကြားမှု မရှိသေးကြောင်း KysDP ဒုဥက္ကဋ္ဌ စိုင်းနိုင်ထွေးက ယနေ့ (ဇန်နဝါရီ ၁၁ )နံနက်ပိုင်းတွင် ပြောသည်။
ထို့ကြောင့် NLD နှင့် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ” ပါတီဘက်က ဘာမှမဆုံးဖြတ်ထားသေးဘူး။ ပြောပြဖို့ နည်းနည်းခက်နေပါသေးတယ်” ဟု ၎င်းက ပြောသည်။
KNP ပါတီဥက္ကဋ္ဌ ခွန်ဘီထူးကလည်း တွေ့ဆုံပွဲအတွက် တရားဝင်ဖိတ်ကြားလာခြင်း မရှိသေးကြောင်း ပြောသည်။
မွန်ပြည်နယ်တွင် ဆွေးနွေးပွဲပျက်ခဲ့ခြင်းမှာ NLD ပါတီရုံး မဟုတ်သည့် တတိယနေရာတွင် တွေ့ဆုံလိုကြောင်း ဒေသခံပါတီက တောင်းဆိုရာမှ နေရာညှိနှိုင်းမရသဖြင့် ဆွေးနွေးပွဲပျက်ခဲ့သည်။
ကယားအခြေစိုက်နှစ်ပါတီကလည်း NLD ရုံးမဟုတ်သည့် တတိယနေရာတစ်ခုခုတွင် တွေ့ဆုံရန် လိုလားကြောင်း ပါတီတာဝန်ရှိသူများက ဆိုသည်။
NLD သည် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုင်းရင်းသား ပါတီ ၄၈ ခုကို ကမ်းလှမ်းသည့်စာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ကို တာဝန်ပေးအပ်ခဲ့သည်။
ဖိတ်ခေါ်ထားသည့် ပါတီများအနက် ၁၈ ပါတီက ဒီချုပ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားသည်။
ကချင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပြီး ကယားပြည်နယ်တွင်လည်း ဒီချုပ်က ဆက်လက်တွေ့ဆုံဆွေးနွေးရန် စီစဉ်နေခြင်း ဖြစ်သည်။
NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေးအဖွဲ့သည် ကယားပြည်နယ်ခရီးစဉ်အပြီးတွင် ရှမ်းပြည်နယ်သို့ ခရီးဆက်ရန် စီစဉ်ထားကြောင်း ဒေါက်တာအောင်မိုးညိုက ပြောသည်။