သတင်း

ပါတီများနှင့် ဆက်တွေ့ရေး NLD ခေါင်းဆောင်ပိုင်း ဆွေးနွေးမည် 

ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီနှင့် ပဏာမတွေ့ဆုံပွဲ ပျက်ပြယ်ပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံရေးအစီအစဉ်ကို ပါတီခေါင်းဆောင်ပိုင်းတွင် ထပ်မံဆွေးနွေးပြီးမှ ဆက်လက်လုပ်ကိုင်မည်ဟု အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီတို့ ဇန်နဝါရီ ၄ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံမည့်အရေး “နှောင့်နှေးသွားခြင်းမရှိ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

မွန်ညီညွတ်ရေးပါတီနှင့် ဆွေးနွေးပွဲပျက်ခဲ့သည့်အခြေအနေအား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြထားပြီး မည်သည့်ပြည်နယ်မှ ပါတီများနှင့် ဆက်လက်ဆွေးနွေးမည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ပြီးမှ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ တွင် စတင်ခေါ်ယူမည့် တတိယအကြိမ် လွှတ်တော်သက်တမ်းမစတင်မီ “ဖြစ်နိုင်သရွေ့ များနိုင်သမျှ များတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

အာဏာရပါတီအနေဖြင့် လွှတ်တော်သက်တမ်းမစတင်မီ သုံးပတ်ကျော်သာ လိုတော့သည့်အချိန်တွင် ကချင်ပြည်နယ်ဘက်တွင်သာ တွေ့ဆုံခဲ့ပြီးသည့်အခြေအနေ ဖြစ်သည်။

NLD သည် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဆိုကာ တိုင်းရင်းသားပါတီ ၄၈ ပါတီကို ကမ်းလှမ်းသည့်စာ ထုတ်ပြန်ခဲ့သည်။

ထို့နောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ကို တာဝန်ပေးအပ်လိုက်သည်။

ဖိတ်ခေါ်ထားသည့် ပါတီများအနက် ၁၈ ပါတီက တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)တို့မှ အနိုင်ရကိုယ်စားလှယ်များနှင့် ဇန်နဝါရီ ၁ နံနက်ပိုင်းတွင် ကချင်ပြည်နယ် NLD ရုံး၌ တွေ့ဆုံခဲ့သည်။

NLD ကိုယ်စားလှယ်များနှင့် ကချင် ၃ ပါတီတို့ ဇန်နဝါရီ ၁ က ပြည်နယ် NLD ရုံးတွင် တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-NLD Kachin)

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရရှိရေး ဖော်ဆောင်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်၊ အစိုးရအဖွဲ့နှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းနိုင်ရန် မတူညီသည့်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။

ဆွေးနွေးပွဲတွင် အပြုသဘောဆောင်ပြီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီ ၄ တွင် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ 

ပါတီမှညွှန်ကြားချက်အတိုင်း မွန်ပြည်နယ် NLD ရုံးတွင် တွေ့ဆုံရန် NLD ကိုယ်စားလှယ်အဖွဲ့က အဆိုပြုခဲ့ပြီး မွန်ညီညွတ်ရေးပါတီက နှစ်ဖက်ပါတီရုံးမဟုတ်သည့် တတိယနေရာတစ်ခုတွင် တွေ့ဆုံရန် အဆိုပြုခဲ့သည်။

NLD နှင့် တိုင်းရင်းသားပါတီများအကြား ပြီးခဲ့သည့်ရွေးကောက်ပွဲအပြီးတွင် ဆက်ဆံရေး အေးစက်သွားခဲ့သည့်အတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်လိုသည့်အတွက် “ ကနဦး စတွေ့တဲ့ ခြေလှမ်းမှာ အပြန်အလှန်လေးစားမှု၊ တန်းတူထားမှု၊ နှစ်ဖက်စလုံးက ပြသကြဖို့ အဲ့ဒီဆန္ဒနဲ့ တတိယနေရာမှာ တွေ့ဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်” ဟု  မွန်ညီညွတ်ရေးပါတီမှ အတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

ဆွေးနွေးမည့် (ဇန်နဝါရီ ၄) နံနက်ပိုင်းအထိ တွေ့ဆုံမည့် နေရာ ညှိနှိုင်းနိုင်ခြင်းမရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်သွားခဲ့ရသည်။ 

“ဖိတ်ကြားတာက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ကြားတာပါ။ အိမ်ရှင်ကတော့ မိမိတို့ရဲ့အိမ်မှာပဲ လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားခြင်း ဖြစ်ပါတယ်ခင်ဗျ။ ဧည့်သည်က လက်မခံတာကလည်း ဧည့်သည်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာမှ ဝေဖန်စရာမရှိပါဘူး” ဟု ဒေါက်တာမျိုးညွန့်က တုံ့ပြန်သည်။

မူဝါဒ၊ သဘောထားများ မတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ နေရာရွေးချယ်မှုကြောင့် ဆွေးနွေးပွဲ မဖြစ်မြောက်ရသည့်အချက်မှာ ကိုယ်စားလှယ်အဖွဲ့အပေါ် ဗဟိုချုပ်ကိုင်မှု များလွန်းရာရောက်သည်ကို ပြသနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ကောက်ချက်ချသည်။ 

ဦးသန်းစိုးနိုင်က “အဲ့ဒါက တိုင်းရင်းသားတွေဘက်က ကြည့်ရင် ဒါကတော့ ပါတီကြီးဝါဒနဲ့ အနိုင်ကျင့်တာ၊ အထက်စီးရယူတာဆိုတဲ့ အမြင်တွေ၊ ခံစားမှုတွေဖြစ်သွားမှာ။ အဲ့ဒီတော့ နောင်ရေရှည် ဒီပုံစံအတိုင်းသွားရင် ခံစားချက်တွေက ကောင်းကြမှာမဟုတ်ဘူး” ဟုဆိုသည်။

ကိုယ်စားလှယ်အဖွဲ့ ဗဟိုချုပ်ကိုင်မှုများပြားနေ

ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံပြီး ဆွေးနွေးချက်များအား ဗဟိုသို့ ပြန်လည်တင်ပြရန်သာ လုပ်ပိုင်ခွင့်ရှိကြောင်း ကိုယ်စားလှယ်များက ပြောကြားထားသည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် ဖွဲ့စည်းထားသည့် NLDကိုယ်စားလှယ်အဖွဲ့၏ အခြေအနေမှာ လုပ်ပိုင်ခွင့် နည်းလွန်းနေပြီး ပြောရေးဆိုခွင့်မရှိသည့်အတွက် နားထောင်ရုံလောက်သာ ဖြစ်နေသည်ဟု တိုင်းရင်းသားပါတီများက ထောက်ပြသည်။

ရှမ်းပြည်နယ်တွင် အများဆုံးအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ ဒီအတိုင်းဆို နည်းနည်းတော့ အခက်အခဲရှိမယ်။ တွေ့ဆိုလည်း တွေ့လိုက်ရုံပဲရှိမယ်။ ဒီအတိုင်းဆို ကျန်တာတော့ သိပ်ထူးမယ် မထင်ဘူး” ဟု သုံးသပ်သည်။ 

ဒေါက်တာမျိုးညွန့်ကမူ ကိုယ်စားလှယ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်ဟု ပြောသည်။ 

NLD ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားပါတီများတွေ့ဆုံရာတွင် နှစ်ဖက်ပွင့်လင်းမှုရှိရန်နှင့် အပြန်အလှန်လေးစားမှုရှိရန် အဓိကလိုအပ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က အကြံပြုသည်။

ချင်းပြည်နယ် လွှတ်တော်သုံးရပ်ပေါင်း ၃၉ နေရာအနက် NLD က  ၃၇ နေရာ အနိုင်ရရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာစီ ရရှိထားသည်။

“NLD က ကိုယ်စားလှယ်သုံးယောက်ကလည်း ဒီထက် ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လေးတွေလည်း ရှိရင်တော့ ပိုကောင်းတယ်။ အပြန်အလှန်လေးစားမှုက နံပါတ်တစ်အရေးကြီးတယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ တွေ့ဆုံကြမယ်၊ ပွင့်လင်းရိုးသားမှုနဲ့ တွေ့ဆုံကြမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့အခင်းအကျင်း ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တယ်” ဟု ဦးငိုင်ဆာ့ခ်က ပြောသည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် လက်ရှိအချိန်ထိ NLD ဘက်မှ အကြောင်းကြားလာခြင်း မရှိသော်လည်း တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပင်လုံစာချုပ်အပေါ် အခြေခံသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးတို့ကို အဓိကဦးတည် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။ 

ရခိုင်ပြည်နယ်လွှတ်တော် နေရာအများစုတွင် အနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီကို တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ အကြောင်းကြားထားခြင်းမရှိသေးကြောင်း ပါတီမူဝါဒရေးရာအကြံပေး ဦးထွန်းအောင်ကျော်က ပြောသည်။

ရှမ်းပြည်နယ်တွင် နေရာအများစုအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသော်လည်း ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ပါတီတွင်း မဆုံးဖြတ်ရသေးဟု ပါတီ ဒုဥက္ကဋ္ဌ  စိုင်းညွန့်လွင်က ဆိုသည်။ 

မွန်ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပါက ပင်လုံစာချုပ်ပါ သဘောတူညီချက်၊ ကတိကဝတ်၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆုံးဖြတ်အတည်ပြုထားသည့် အခြေခံမူများအပေါ် အခြေခံပြီး အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်အခြေခံမူအတွက် ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပါတီအတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် လွှတ်တော်၊ အစိုးရတို့တွင် တာဝန်ရယူရေးနှင့်ပတ်သက်ပြီး အထူးတလည် ဆွေးနွေးသွားရန်မရှိဘဲ NLD ဘက်မှ ကမ်းလှမ်းချက်ပေါ် မူတည်စဉ်းစားမည်ဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ဆိုသည်။ 

ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ခွန်သိန်းဖေက “နှစ်ဦးနှစ်ဖက် တွဲလုပ်ရင်းနဲ့ ပိုသိလာမှာပေါ့။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုပေးနိုင်တာတွေ အများကြီးရှိလာမယ်။ ပိုပြီးတော့ နီးစပ်လာမယ်။ စည်းလုံးလာမယ်။ အဲ့လိုမြင်တယ်။ ၂၀၂၀ နောက်ပိုင်းဖွဲ့မယ့် အစိုးရမှာရော၊ လွှတ်တော်မှာရော တိုင်းရင်းသားတွေကို ထိုက်သင့်တဲ့နေရာ ပေးသင့်တယ်” ဟု ဆိုသည်။ 

Show More

Related Articles

Back to top button