
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ အနံ့ဆိုးပြဿနာကို ၂၀၁၉ ကတည်းက ခံစားလာရသည့် စက်ရုံအနီးနေထိုင်သူ ဒေသခံများသည် စက်ရုံတာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများနှင့် ဒီဇင်ဘာ၂၉ တွင် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့သဖြင့် စက်ရုံကို ပြန်လည်စိစစ်ပေးရန် တိုင်းအစိုးရထံ တိုင်ကြားသွားမည်ဟု ပြောကြားလိုက်သည်။
တွံတေး – မအူပင်ကားလမ်းမပေါ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ ထွက်လာသည့် အနံ့ဆိုးဒဏ်ကို အနီးအနားကျေးရွာများဖြစ်သည့် ကန်ပတ်ရိုး၊ ထန်းတစ်ပင်ကျေးရွာတို့မှ ဒေသခံများသည် စက်ရုံ စတင်လည်ပတ်ခဲ့သည့် ၂၀၁၉ နှစ်လယ်ပိုင်းကတည်းက ခံစားလာခဲ့ရခြင်းဖြစ်သည်။
စက်ရုံမှထွက်ရှိသည့် အနံ့ဆိုးပြဿနာနှင့် ပတ်သက်၍ ကန်ပတ်ရိုးနှင့် ထန်းတစ်ပင်ကျေးရွာတို့မှ ဒေသခံများ၊ စက်ရုံတာဝန်ရှိသူများနှင့် တွံတေးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူအချို့တို့သည် ဒီဇင်ဘာ ၂၉ နံနက်ပိုင်းတွင် ကန်ပတ်ရိုးရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။
၂၀၁၉ ခုနှစ်အတွင်းက စက်ရုံရှေ့ ရေမြောင်းတွင် ငါးများသေခြင်းနှင့် စက်ရုံမှ အနံ့ဆိုးထွက်ခြင်း၊ ၂၀၂၀ ဒီဇင်ဘာတွင် ကန်ပတ်ရိုးကျေးရွာရှိ ရေကန်အတွင်းရေများ အရောင်ပြောင်းခြင်းတို့နှင့် ပတ်သက်၍ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာများထံ ဒေသခံများက တိုင်ကြားခဲ့ဖူးသော်လည်း ထိထိရောက်ရောက် မဖြေရှင်းပေးသည့်အတွက် ယခုအခါ စက်ရုံပိတ်သိမ်းပေးရန်အထိပင် ဒေသခံများက တောင်းဆိုလာကြသည်။
“ဒီစက်ရုံနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို နှစ်ရွာပေါင်း အိမ်ထောင်စု ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ဆီမှာ လက်မှတ်လည်း ၂၀၀ ကျော်လောက် ရထားပြီ။ ကျွန်တော်တို့ ဒီစက်ရုံကို သဘောမတူကြောင်းကို ဌာနဆိုင်ရာအသီးသီး ဝန်ကြီးဌာနအသီးသီးကို စာပို့သွားမယ်” ဟု ကန်ပတ်ရိုးကျေးရွာဒေသခံ ကိုရဲဝင်းထွဋ်က Myanmar Now ကို ပြောသည်။
ထန်းတပင်ကျေးရွာတွင် အိမ်ထောင်စု ၁၅၀ ခန့်နှင့် ကန်ပတ်ရိုးကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်ခန့် ရှိသည်။ အနံ့ဆိုးထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်အတွင်း စက်ရုံတာဝန်ရှိသူများနှင့် ယင်းကျေးရွာများနေ ဒေသခံအချို့ တွေ့ဆုံခဲ့ရာတွင် စက်ရုံ၌ အနံ့ဆိုးသန့်စင်စနစ် တပ်ဆင်ပြီးစီးချိန်ထိ စက်ရုံလည်ပတ်မှု ရပ်နားထားရန် ဒေသခံများက တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်က ရပ်တန့်ထားခြင်းမရှိ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အသက်ရှူမဝခြင်း၊ ခေါင်းမကြည်ခြင်းတို့ ခံစားခဲ့ရသည်ဟု ကန်ပတ်ရိုးရွာဒေသခံ အသက် ၇၁ နှစ်အရွယ် ဒေါ်တင်အုန်းက ဆိုသည်။
“ခေါင်းလည်း မထူနိုင်ဘူး။ ဇက်ကြောလည်း တက်တယ်လေ။ နံတယ်ဟေ့ဆို ပုပ်စော်ဟောင်စော်နံတာလေ။ ဗိုင်းခနဲဆို ခေါင်းတွေကလေး၊ ခေါင်းတွေကထိုး အဲ့လိုဖြစ်လာတာ။ (စက်ရုံ) လည်တယ်ဆို နံတာပဲ” ဟု ၎င်းကြုံတွေ့နေရသည့် အနံ့ဆိုးပြဿနာကို ပြောသည်။

စက်ရုံလည်ပတ်စဉ် ထွက်ရှိသည့်အနံ့ဆိုးမှာ စိုက်ပျိုးရေးသုံး အမိုင်နိုအက်ဆစ်ကြောင့်ဖြစ်ပြီး ဓာတ်မြေသြဇာပြုလုပ်ရာတွင် အသုံးပြုသည့် အခြားပါဝင်ပစ္စည်းများနှင့် ရောနှောချိန်တွင် ဓာတ်ပြုမှုကြောင့် အနံ့ပြင်းထွက်ခြင်းဖြစ်သည်ဟု စက်ရုံ၏ စိုက်ပျိုးရေးအကြံပေးပညာရှင် ဦးအောင်သင်က ပြောသည်။
“လေ့လာမှုအထောက်အထားမှာလည်း အမိုင်နိုအက်ဆစ်အနံ့ကြောင့်တော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားတာတော့မရှိဘူး။ ဘယ်သူ့ကို ဘယ်လိုထိခိုက်တယ် ဆိုတာတော့မရှိဘူး။ သို့သော် ထိခိုက်မှုတော့ ရှိတယ်။ ကြာရင်တော့ ထိခိုက်တာပေါ့” ဟု ဦးအောင်သင်က ပြောသည်။
အနံ့ဆိုးစုပ်ယူနိုင်သည့် ပိုက်လိုင်းများ လာရောက်တပ်ဆင်ပေးမည့် တရုတ်နိုင်ငံမှ ပညာရှင်များမှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလ ခရီးသွားလာခွင့်အကန့်အသတ်ကြောင့် မလာရောက်နိုင်သေးသဖြင့် စက်တပ်ဆင်ရန် နှောင့်နှေးခဲ့ရကြောင်း၊ သို့သော် လက်ရှိတွင် ပြည်တွင်းရှိ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ထားသည်ဟု ရွှေနဂါးစက်ရုံတာဝန်ရှိသူများက ဆိုသည်။
ပစ္စည်းအမှာများ ရှိသည့်အတွက် ယခုရက်ပိုင်းအတွင်း စက်ရုံလည်ပတ်နေသော်လည်း အနံ့ဆိုးထွက်စေသည့် အမိုင်နိုအက်ဆစ်အသုံးပြုမှုကို လတ်တလော ရပ်တန့်ထားကြောင်း ရွှေနဂါးစက်ရုံ လူ့စွမ်းအားအရင်းအမြစ်ဌာန လက်ထောက်အရာရှိ ဦးနိုင်လင်းက Myanmar Now ကို ပြောသည်။

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသည် တွံတေးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ၂၇ ဧကကျော် မြေနေရာပေါ်တွင် ငှားရမ်းတည်ဆောက်ထားခြင်းဖြစ်ကာ ပုလဲသာဓာတ်မြေသြဇာ၊ ပင်တက်ဓာတ်မြေသြဇာနှင့် တော့ဝမ်း (Top One) စပါးအထွက်တိုးမြေသြဇာတို့ကို ရောစပ်ထုပ်ပိုးလျက်ရှိကြောင်း စက်ရုံတာဝန်ရှိသူများက ဆိုသည်။
ရွှေနဂါးတော့ဝမ်း စပါးသီးသန့် အသီးအားဆေးဓာတ်မြေသြဇာနှစ်မျိုး သုံးစွဲခဲ့သည့် လယ်မြေဧက ၁,၂၀၀ ကျော် ပျက်စီးသွားသည့်အတွက် ၂၀၁၉ နိုဝင်ဘာလတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယင်းဓာတ်မြေသြဇာနှစ်မျိုးကို ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။
အနံ့ဆိုးပြဿနာသာမက စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာထိပ်ရှိ သောက်သုံးရေကန်၏ အရောင်ပြောင်းသွားပြီး ဆီကွက်များဝေ့နေသည့်အတွက် သောက်သုံးရေအတွက် အသုံးပြုရန် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများက ဆိုသည်။
ယင်းရေကန်သည် သောက်သုံးရေအတွက် ကျေးရွာတစ်ခုလုံး အားထားရာ ရေကန်ဖြစ်ပြီး ရေအရောင်ပြောင်းလဲလာသည့် လွန်ခဲ့သည့် နှစ်လခန့်မှစ၍ သောက်ရေအတွက် ရွာသို့ လာရောက်လှူဒါန်းသည့် ရေကိုသာ အားပြုနေရသည်ဟု ဒေါ်တင်အုန်းက ဆိုသည်။

“မြေဩဇာရဲ့အမှုန်တွေလို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒါတွေက အန္တရာယ်ရှိတာတော့ မဟုတ်ဘူး။ သူတို့ရဲ့အစွဲကြောင့် ဒါတွေက အန္တရာယ်ရှိမယ်ထင်တဲ့ အစွဲကြောင့် ဖြစ်သွားတာ” ဟု ရွှေနဂါးကုမ္ပဏီ၏ စိုက်ပျိုးရေးအကြံပေးပညာရှင် ဦးအောင်သင်က ပြောသည်။
ရေအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ နိုင်ငံတကာအသိအမှတ်ပြု (ISO) လက်မှတ်ရ ပြင်ပဓာတ်ခွဲခန်းနှင့် မြို့နယ်ကျန်းမာရေးဌာန၏ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်အရ အန္တရာယ်မရှိကြောင်း ဦးအောင်သင်က ဆိုသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံတည်ဆောက်စဉ်က စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများကို ပွင့်လင်းမြင်သာစွာ မချပြခဲ့ဘဲ ဓာတ်မြေသြဇာသိုလှောင်ရုံအဖြစ်သာ သိရှိခဲ့ရကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ သေချာမသိရသည့်အတွက် စက်ရုံတည်ဆောက်ခြင်းကို သဘောတူကြောင်း လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စက်ရုံစီမံကိန်းမစမီ ပြုလုပ်ခဲ့သည့် ဒေသခံများနှင့် ဆွေးနွေးပွဲတွင် စက်ရုံအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကန်ပက်ရိုးကျေးရွာဒေသခံ ဦးသန်းနိုင်ထွေးက ပြောသည်။
“အဲ့ဒီတုန်းက ရှင်းပြတာက သဘာဝပတ်ဝန်းကျင် မထိခိုက်ကြောင်း၊ ကျေးငှက်တွေလည်း မထိကြောင်း၊ ရေဆိုးတွေလည်း မထွက်ကြောင်း ပြောသွားတာပေါ့။ အနံ့အသက်၊ အသံဗလံ ဘာမှမရှိပါဘူးလို့ ဆိုပြီးတော့ လုပ်သွားတယ်။ လူထုက မသိတော့ လက်မှတ်လည်းမထိုးဘူး” ဟု ဦးသန်းနိုင်ထွေးက ပြောသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (EIA) ရေးဆွဲရန် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်း (Third Party) အဖြစ် HRD – Environmental Training Service ကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်ဟု စက်ရုံတာဝန်ရှိသူများက ဆိုသည်။
သို့သော်လည်း HRD ကုမ္ပဏီအနေဖြင့် ဓာတ်မြေသြဇာစက်ရုံအတွက် မဟုတ်ဘဲ သိုလှောင်ရုံအတွက်သာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“EIA ဆိုတာကတော့ ဂိုဒေါင်ဆောက်ဖို့အတွက်ဆိုရင် ဒီဂိုဒေါင်ဟာ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လောက်ထိခိုက်သွားမလဲ ဆိုတာကို Section (အပိုင်း) တစ်ခုအနေနဲ့ ဖြတ်ခဲ့ပြီးပြီ။ ရေးခဲ့ပြီးပြီ။ အဲဒီအတိုင်းအတာတစ်ခုပဲ။ ခုလို နောက်ဆက်တွဲဖြစ်လာတဲ့ ကိစ္စတွေကျတော့ တတိယအဖွဲ့အစည်းနဲ့လည်း တာဝန်မသက်ဆိုင်တော့ဘူး။ ဒါက လုပ်ငန်းရှင်နဲ့ပဲ သက်ဆိုင်တော့တဲ့ကိစ္စ ဖြစ်သွားပြီ”ဟု ယင်းတာဝန်ရှိသူက Myanmar Now ကို ပြောသည်။
စက်ရုံ၏ လက်ရှိအနေအထား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ခရိုင်နှင့် တိုင်းအဆင့်ဆင့်ကို တင်ပြကာ ကွင်းဆင်းစစ်ဆေးသွားမည်ဟု တွံတေးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဆွေက Myanmar Now ကို ပြောသည်။
ကန်ပတ်ရိုးရွာဒေသခံ ဒေါ်တင်အုန်းကမူ “ကိုဗစ်နိုင်တင်းက နှာခေါင်းစည်းတပ်ထားရင် ကာကွယ်နိုင်တယ်။ ဒီအနံ့တွေကတော့ အိမ်ထဲမှာ၊ ခြင်ထောင်ထဲမှာ နေရင်တောင် မကာကွယ်နိုင်ဘူး” ဟု ၎င်းရင်ဆိုင်နေရသည့် ဓာတ်မြေဩဇာစက်ရုံမှ အနံ့ဆိုးဒုက္ခအကြောင်း ပြောဆိုလိုက်သည်။