သတင်း

ကျပ်သိန်းတစ်သောင်းခွဲထီ ပထမဆုံးကံထူးခဲ့သည့် ဘုန်းကြီး မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရ

အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲထီ ပထမဆုံးဆုရှင်ဖြစ်သည့် နေပြည်တော် အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာကို ယင်းပရဟိတကျောင်းရှိ ဆရာမတစ်ဦးက မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ယနေ့ (ဒီဇင်ဘာ ၃၁) တွင် အမှုဖွင့်လိုက်ကြောင်း ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းမှူးက ပြောသည်။ 

“အမှုဖွင့်တာမှန်ပါတယ်။ ဖမ်းဖို့ဆီးဖို့ကိစ္စက အခု မြို့နယ်သံဃမဟာနာယကအဖွဲ့ဆီမှာပဲ ရှိသေးလို့ မှတ်ချက်ပေးလို့ မရသေးဘူး” ဟု ထုံးဘိုစခန်းမှူးက ယနေ့ည ၇နာရီအချိန်တွင် Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

အေးမေတ္တာစံပရဟိတကျောင်းတွင် ဂျပန်စာသင်ပေးနေသည့် အသက် ၃၃ နှစ်အရွယ် သားသည်မိခင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ယနေ့နေ့လယ်တွင် ထုံးဘိုရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက ပြစ်မှုနံပါတ် ၁၂၇/၂၀၂၀၊ ပုဒ်မ ၃၇၆ ဖြင့် အမှုလက်ခံပေးထားကြောင်း တိုင်တန်းသည့် အမျိုးသမီး၏ ရှေ့နေ ဦးယုယချစ်က Myanmar Now ကို ပြောသည်။ 

“အာမခံပေးလို့ မရတဲ့ပုဒ်မပါ။ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ရှိပါတယ်။ တရားရုံးရဲ့ အဆုံးအဖြတ်ပါပဲ” ဟု ဦးယုယချစ်က ပြောသည်။

ယနေ့ ညနေ ၄ နာရီခွဲခန့်အချိန်တွင် ရဲတပ်ဖွဲ့က ဦးစန္ဒိမာကို တောင်နီလေးကျောင်းတိုက်မှ ပုဗ္ဗသိရိမြို့နယ်သံဃမဟာနာယကအဖွဲ့ တည်ရှိရာ မဏိဇောတိကာရုံကျောင်းတိုက်သို့ ခေါ်ဆောင်သွားခဲ့သည်ကို Myanmar Now က တွေ့ခဲ့ရသော်လည်း ယနေ့ည ၇ နာရီအချိန်အထိ လူဝတ်လဲဖမ်းဆီးခြင်း မရှိသေးပေ။

“လုပ်ငန်းကမပြီးသေးဘူး။ လူဝတ်မလဲသေးပါဘူး” ဟု ပုဗ္ဗသီရိမြို့နယ်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရက Myanmar Now ကို မိန့်ကြားသည်။

ည ၇နာရီခွဲအချိန်အထိ ထုံးဘိုရဲစခန်း၌ ရှိနေသူ တရားလိုအမျိုးသမီးကလည်း ဦးစန္ဒိမာကို ဖမ်းဆီးခေါ်ဆောင်လာသည်ကို မတွေ့ရသေးကြောင်း၊ သက်သေခံပစ္စည်းအပ်နှံနေသည့်ကိစ္စ မပြီးပြတ်သေး၍ ရဲစခန်းမှ မပြန်ရသေးကြောင်း ဆိုသည်။

၎င်း၏မိသားစု ငွေရေးကြေးရေးအကျပ်အတည်းကို ကူညီပေးခဲ့သည့် ဦးစန္ဒိမာ၏ ဖိတ်ခေါ်မှုဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာခဲ့ပြီး ဦးစန္ဒိမာ၏ ပရဟိတကျောင်းတွင် ဂျပန်စာသင်ကြားပေးနေသူ ဖြစ်ကြောင်း တိုင်တန်းသူ အမျိုးသမီးက ဆိုသည်။ 

တစ်နှစ်တာခန့် အချိန်အတွင်း ၎င်းကို ဦးစန္ဒိမာက လေးကြိမ်တိုင်တိုင် လိင်အမြတ်ထုတ်ခဲ့ကြောင်း၊ သဘောဆန္ဒကို မလိုက်လျောပါက ပရဟိတကျောင်း၌ စာမသင်ကြားနိုင်တော့စေရန် ပြုလုပ်မည်ဟု ဦစန္ဒိမာက ခြိမ်းခြောက်အကျပ်ကိုင်ကြောင်း အဆိုပါ အမျိုးသမီးက Myanmar Now ကို ပြောသည်။ 

“ကိုယ့်ဟာကိုယ်ရှာစား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ငါ့ကို လာမပတ်သက်နဲ့၊ ငါ့ကျောင်းမှာလည်း စာမသင်နဲ့၊ ငါစပ်ပေးထားတဲ့ လူတွေနဲ့လည်း ဆက်မသင်နဲ့တော့ဆိုပြီး မျိုးစုံတွေ အကျပ်ကိုင်တာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေတဲ့အခါကျတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရင်းရရင် ရင်းရပါစေ။ အမျိုးသားကလည်း အဲ့ဒီအချိန် အလုပ်မရှိတဲ့လူဆိုတော့ အမေရယ်၊ သားရယ် နှစ်ယောက်က ကိုယ့်တာဝန်လေ” ဟု ၎င်းခြိမ်းခြောက်ခံခဲ့ရပုံကို အမျိုးသမီးက ရှင်းပြသည်။  

ထို့အပြင် “သူ (ဦးစန္ဒိမာ) က အမြဲတမ်း သူ့သဘောဆန္ဒကို မလိုက်လျောတာနဲ့ မလာနဲ့၊ ကျူရှင်အိမ်တွေကိုလည်း အဲ့ဆရာမကို မသင်ခိုင်းနဲ့တော့ဆိုတော့ အဘက်ဘက်က ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိအားတွေ ပေးလာတာပေါ့။ ဒီလေးကြိမ်ဟာ မဖြစ်သင့်တဲ့ အကြိမ်ရေပါပဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ 
 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက်မုခ်ဦး ။ (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုကို လေးကြိမ်တိုင် ကြုံခဲ့ရစဉ် နှုတ်ဆိတ်နေခဲ့သော်လည်း ငွေပေးလျှင် လိင်အမြတ်ထုတ်၍ ရသည်ဟု ထင်မြင်ခံလာရခြင်း၊ ၎င်းကဲ့သို့ နောက်ထပ်အမျိုးသမီးငယ်များ ကြုံတွေ့ရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ယခုကဲ့သို့ တိုင်တန်းရခြင်းဖြစ်ကြောင်း အမှုဖွင့်သူ အမျိုးသမီးက ဆိုသည်။

“အခုဆိုရင် ကျွန်မတို့ ဘဝကြီးက သွားပြီလေ။ အိမ်ထောင်လည်း ပြိုကွဲသွားပြီ။ မိဘတွေလည်း အရှက်ကွဲ သွားပြီပေါ့နော်။ ဒါပေမဲ့ ကျွန်မတစ်ယောက်နဲ့တင် ဒီကိစ္စကြီး ရပ်သွားရင် တော်ပါပြီ” ဟု ယခုဒီဇင်ဘာလပိုင်းအတွင်း အိမ်ထောင်ကွဲဖြစ်သွားသူ အဆိုပါအမျိုးသမီးက ပြောသည်။ 

ထိုသို့ မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းနိုင်ရန် ဦးစန္ဒိမာ၏ လက်ကိုင်ဖုန်းနံပါတ်ငါးခုကို ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသည်။ ဦးစန္ဒိမာသည် ငယ်ဖြူဘုန်းတော်ကြီးဖြစ်သဖြင့် ဝါတော် ၂၇ နှစ် နီးပါး ရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ၎င်း၏ ဒကာရင်းတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ ယနေ့ညနေတွင် ဦးစန္ဒိမာ၏ ကျောင်းတိုက်သို့သွားရောက်၍ ၎င်းကို သွားရောက်ခေါ်ယူစဉ် Myanmar Now က ရောက်ရှိခဲ့သော်လည်း ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်သတင်းယူခွင့် မရခဲ့ပေ။
 

အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက်အတွင်း အမျိုးသမီးငယ်လေးများ နိုင်ငံခြားအက လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

ယမန်နေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်းတွင် အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ Myanmar Now က ရောက်ရှိခဲ့စဉ်ကမူ ဦးစန္ဒိမာနှင့် တွေ့ခွင့်ရခဲ့ပြီး ၎င်းသည် ကျောင်းကို မည်ကဲ့သို့ စည်းကမ်းတင်းကျပ်စွာ အုပ်ချုပ်ကြောင်း ရှင်းပြခဲ့သည်။ 

“ဓမ္မာရုံရဲ့ တောင်ဘက်မှာ ကျောင်းသားယောက်ျားလေးတွေ ထားတယ်။ မြောက်ဘက်အခြမ်းမှာ ကျောင်းသူမိန်းကလေးတွေ ထားပါတယ်။ ကိစ္စဝိစ္စ မရှိဘဲနဲ့ ယောက်ျားလေးတွေဆိုရင် ဓမ္မာရုံရဲ့မြောက်ဘက်ကို မလာရဘူး။ မိန်းကလေးတွေလည်း ဓမ္မာရုံရဲ့ တောင်ဘက်ကို ကိစ္စဝိစ္စမရှိဘဲ မလာရဘူး။ အဲဒီတော့ စည်းကမ်းကြီးတယ်ဆိုတာလည်း ကိုယ့်အတွက် မဟုတ်ပါဘူး။ သူတို့အတွက်ပါ” ဟု ဦးစန္ဒိမာက မိန့်ကြားခဲ့သည်။

၎င်း၏ ပရဟိတဂေဟာတွင် ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ကရင်ပြည်နယ်များမှ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး လူငယ် ၂၅၀ ခန့်ရှိပြီး အသက်အရွယ်အပိုင်းအခြားမှာ ၂ နှစ်ကျော်အရွယ်မှစ၍ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့်အရွယ်အထိ ရှိကြောင်း ဦးစန္ဒိမာက မိန့်ခဲ့သည်။ 

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဦးစန္ဒိမာ၏ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဒုတိယအဆင့်ရရှိထားသည့်ကျောင်းလည်း ဖြစ်သည်။

Show More

Related Articles

Back to top button