အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေး

AA နှင့် အိန္ဒိယအဖွဲ့တစ်ခု ညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်

ကာလအတန်ကြာ ပိတ်ထားသည့် မီဇိုရမ်-ပလက်ဝ-ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကို AA နှင့် အိန္ဒိယအခြေစိုက်အဖွဲ့တစ်ခုအကြား သဘောတူညီချက်ယူပြီး ပြန်လည်ဖွင့်လှစ်လိုက်သည်။

သီတင်းသုံးပတ်နီးပါး ပိတ်ထားသည့် မီဇိုရမ်-ပလက်ဝ-ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကို အာရက္ခတပ်တော် (AA) နှင့် အိန္ဒိယအခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (Central Young Lai Association – CYLA) တို့အကြား သဘောတူညီချက်ဖြင့် ဇွန် ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်အထိ ပေါက်သည့် ထိုကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ပြည်နယ်သို့ အခြေခံစားသောက်ကုန်နှင့် လောင်စာဆီများတင်သွင်းရာတွင် အရေးပါသည်ဟု ဒေသခံတို့က ဆိုသည်။

AA ထိန်းချုပ်ထားရာ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ရွာကို မေလ ၂၁ ရက်နေ့က စစ်တပ်က ဗုံးကြဲတိုက်ခိုက်အပြီး လေးရက်အကြာတွင် အဆိုပါကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယအခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (Central Young Lai Association – CYLA) က တားဆီးပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့် ပြည်မအကြား ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ခဲ့ခြင်းက အိန္ဒိယကုန်စည်များကိုသာ အားကိုးနေရသည့် ဒေသခံတို့အတွက် အသက်ရှူချောင်စေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒီလမ်းကြောင်းသာ ပိတ်ရင် အခြေအနေတော်တော်ဆိုးတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် AA ကို ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်၊ တပ်သားသစ် စသည်တို့မရရန် ဖြတ်တောက်သည့် ဖြတ်လေးဖြတ်စစ်ဆင်ရေး လုပ်ဆောင်သည့်အနေဖြင့် ရခိုင်ပြည်နယ်ကို တင်းကျပ်စွာကန့်သတ်နေကြောင်း၊ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ပြည်နယ်အပြင် ချင်းတောင်ပိုင်းအတွက်ပါ အရေးပါကြောင်း အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦးက ပြောသည်။

“ရခိုင်ဘက်မှာ ဖြတ်လေးဖြတ် ရေကြောင်း၊ ကုန်းကြောင်းတွေ အဖြတ်ခံထားရတော့ ပလက်ဝဘက်ကနေတစ်ဆင့် ကုန်သွယ်ရေးက အရေးပါတဲ့အခြေအနေဖြစ်နေတယ်။ ဒီအရေးပါမှုကြောင့် ရခိုင်တစ်ပြည်နယ်လုံးနီးပါးဆိုတော့ Demand (ကုန်သွယ်လိုအား) တအားများတယ်” ဟု ၎င်းက ဆိုသည်။

CYLA သည် အစိုးရမဟုတ်သောအဖွဲ့အစည်းအဖြစ် အိန္ဒိယတွင် မှတ်ပုံတင်ထားသော်လည်း မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလမှစတင်ကာ ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သုံးပွင့်ဆိုင် နယ်နိမိတ်ချင်းထိစပ်ရုံမက ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် ပလက်ဝမြို့နယ်ကို ယခုနှစ်ဆန်းပိုင်းကစပြီး အာရက္ခတပ်တော် (AA) က နယ်မြေထိန်းချုပ်ထားသည်။

ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် သံတွဲ၊ မောင်တော၊ အမ်းမြို့နယ်တို့တွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles