
ရက္ခိုင့်တပ်တော် (AA) က နှစ်လခွဲခန့်ကြာဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ပါတီနှင့် မိသားစုဝင်များက ထပ်မံတောင်းဆိုလိုက်သည်။
တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ကြပြီး အောက်တိုဘာ ၁၄ နံနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့်က ရိုက်နှက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် NLD က ကြေညာချက်ထုတ်ပြန်ကာ ထပ်မံတောင်းဆိုလိုက်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်ထုတ်ပြန်တောင်းဆိုမှု ဖြစ်သည်။ ဖမ်းဆီးခံရမှုအပြီး တစ်ပတ်ခန့်အကြာ အောက်တိုဘာ ၂၁ တွင် ပထမအကြိမ်၊ NLD ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၈ ထုတ်ပြန်ချက်တွင် ဒုတိယအကြိမ် တရားဝင်ထုတ်ပြန်တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ယခုအချိန်အခါသည် အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာတည်ဆောက်ဖြစ်ထွန်းရေးအတွက် အချိန်အခါကောင်းဖြစ်သည့်အတွက် ၎င်းတို့ကို ပြန်လည်လွှတ်ပေးခြင်းသည် ပြည်ထောင်စုအရေးအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယမန်နေ့ထုတ်ပြန်ချက်တွင် AA ကို တိုက်တွန်းထားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းစေလိုကြောင်း၊ ဖြေရှင်းရာတွင်လည်း တန်းတူရည်တူရှိရန် လိုအပ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်နှစ်ဦး၊ ကိုယ်စားလှယ်လောင်း ၁ ဦးကို ထိန်းသိမ်းထားခြင်းက ဒါဟာ အကျပ်ကိုင်တဲ့ သဘောသက်ရောက်ပြီးတော့ မျှတမှုအနေအထား ကင်းမဲ့နေနိုင်ပါတယ်။ ရခိုင့်ပြဿနာကို ပြေလည်စေချင်တယ်ဆိုရင်တော့ ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးလွှတ်ပေးခြင်းက အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
လေးနှစ်အရွယ် သမီးငယ်တစ်ဦး၏မိခင် တောင်ကုတ်မြို့နယ် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်တွင် အပြစ်မရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုလင်းနိုင်က တောင်းဆိုသည်။
“ကလေးက သူ့အမေကို အခုမေးနေပြီပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် မတွေ့တာလည်း ကြာပြီဆိုတော့ ကလေးက မေးတာပေါ့။ ဒါပေမဲ့ ခါတိုင်းလိုပဲ လွှတ်တော်တက်ရင် ခွဲနေနေကျဆိုတော့ လွှတ်တော်တက်နေတယ်လို့ပဲ (ကလေးကို) ပြောထားရတာပေါ့” ဟု ကိုလင်းနိုင်က ပြောသည်။
ထို့အပြင် အစိုးရနှင့် တပ်မတော်က နိုင်ငံရေးအရ ဆွေးနွေးရန် AA ကို ကမ်းလှမ်းနေသည့်ကာလတွင် အပြစ်မရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းထားခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
အစိုးရနှင့် AA ကြား ဖြစ်ပွားသည့် ပြဿနာများမှာ နိုင်ငံရေးအရ ဖြစ်သည့်အတွက် နှစ်ဖက်စလုံး အဆင်ပြေအောင်ညှိနှိုင်း၍ အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ဖမ်းဆီးခံကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၏ အစ်မဖြစ်သူ ဒေါ်အေးအေးငြိမ်းက ပြောသည်။
ထို့အပြင် ဒေါ်ချစ်ချစ်ချော၏ ၆၅ နှစ်အရွယ် မိခင်ဖြစ်သူမှာလည်း ဖမ်းဆီးခံထားရသည့် သမီးကို ပူပန်မှုဖြင့် ကျန်းမာရေးစိုးရိမ်နေရသည်ဟု ဒေါ်အေးအေးငြိမ်းက ဆိုသည်။
“AA က ဟိုတစ်ခေါက်က ပြောတာတော့ ကျန်းမာရေးလည်း ကောင်းတယ်၊ လူကောင်းပကတိအတိုင်းလည်း ထားတယ်လို့တော့ ပြောတာပေါ့နော်။ ဒါပေမဲ့ ဒီကလူတွေကတော့ မျက်မြင်ကိုယ်တွေ့ မဟုတ်တဲ့အတွက် အခုအချိန်အထိတော့ စိတ်ပူတုန်းပဲပေါ့” ဟု ဒေါ်အေးအေးငြိမ်းက ပြောသည်။
ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးရန် NLD ပါတီ၏ ထပ်မံထုတ်ပြန်တောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်သည်။
“NLD သုံးယောက်ကတော့ ကျန်းကျန်းမာမာရှိတယ်ဗျ။ သူတို့ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ စောင့်ရှောက်ထားတာဖြစ်တယ်” ၎င်းက ပြောသည်။ သို့သော် ၎င်းတို့ကို မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ဆိုသည်နှင့် ပတ်သက်၍မူ ဖြေကြားခြင်း မရှိပေ။
ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၉ တွင် ၎င်းတို့အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA က အတည်ပြုခဲ့ပြီး အစိုးရက ဖမ်းဆီးအရေးယူထားသည့် နိုင်ငံရေးသမားများနှင့် ဆန္ဒပြကျောင်းသားများကို ပြန်လွှတ်ပေးမှသာ ယင်းကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန်လည်း အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
တောင်ကုတ်ကိုယ်စားလှယ်လောင်းသုံးဦးနည်းတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည်လည်း ၂၀၁၉ နိုဝင်ဘာ ၃ တွင် ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြားတွင် AA ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး နှစ်လခွဲခန့်ကြာမှသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။
တပ်မတော်နှင့် AA တို့အကြား ၂၀၁၈ နိုဝင်ဘာလမှစ၍ ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်း အထွေထွေရွေးကောက်ပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှသာ တိုက်ပွဲဖြစ်မှု လျော့ကျခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် AA တို့ အင်တာနက်မှတစ်ဆင့် ဆွေးနွေးခဲ့ကြသည့်အပြင် ဒီဇင်ဘာ ၃ တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဆန်းမြို့တွင်လည်း တစ်နာရီခန့်ကြာ တွေ့ဆုံဆွေနွေးခဲ့ကြသေးသည်။