
သစ်ပင်ငယ်များနှင့်အတူ ဓနိပင်အစီအရီဖြင့် သာယာလှပသော လက္ကာရွာသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သည်။
ရေမြေတောတောင် သဘာဝအလှများဖြင့် သာသာယာယာရှိလှသော လက္ကာရွာမှာ လက်ရှိတွင် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မီးလောင်ထားသော နီနီရဲရဲ နေအိမ်အမိုးသွပ်များကို မြင်ရသည်။ တစ်စစီပြိုကျပျက်စီးနေသော နေအိမ်များ၊ ပြာပုံအတိဖြစ်နေသော နေအိမ်များ တွေ့ရသလို တာလပတ်၊ ကောက်ရိုးများဖြင့် ဖြစ်သလိုမိုးထားသည့် နေအိမ်အချို့ကိုလည်း တွေ့ရသည်။ ရွာပျက်ကြီးတစ်ရွာလိုဖြစ်နေသည်။
မြောက်ဦးမြို့မှ ၈ မိုင်ခန့် အကွာ ရန်ကုန် – စစ်တွေကားလမ်းမနှင့် မနီးမဝေးရှိ လက္ကာရွာမှာ ၂၀၂၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာဖြစ်သည်။ အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် အိမ်အလုံးပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရာ လက်ရှိအချိန်တွင် ရွာပျက်ကြီးတစ်ရွာဖြစ်နေသည်။
လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် လက္ကာရွာသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများအတွင်း ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်နှစ်ကျော်ကြာ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးဒဏ်ရာရသူများ၊ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ ရှိခဲ့သည့်နည်းတူ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများလည်း ရှိခဲ့သည်။
တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာကာ ရွာသားများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေစဉ် လက္ကာရွာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာမီးလောင်နေသည့် မြင်ကွင်းကို အဝေးမှနေ၍ ဝမ်းနည်းစွာကြည့်ရှုခဲ့ရသည်ဟု လက္ကာရွာသား ဦးအောင်စိန်လှက ဆိုသည်။
“တစ်လုံးပစ်လိုက်တယ်၊ မီးခိုးတွေထွက်လာတယ်။ နောက်တစ်လုံးပစ်တယ်။ လောင်ချာသုံးလုံး ပစ်တယ်။ ရွာထဲကိုပစ်တာ၊ အိမ်ကိုပစ်တာ။ မီးလောင်သွားတယ်။ လယ်ထွန်စက်ရှိသူတွေမှာ မိုးရာသီ လယ်ထွန်မယ်ဆိုပြီး ဆီတွေဝယ်ထားတယ်။ မီးလောင်တယ်” ဟု ခေါင်းတစ်ခုလုံး ဖွေးဖွေးဖြူနေသည့် ဆံပင်များဖြင့် အသက် ၆၆ နှစ်အရွယ် ဦးအောင်စိန်လှက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြောက်ဦးမြို့နယ် လက္ကာရွာသို့ Myanmar Now က ရောက်ရှိခဲ့စဉ် ဦးအောင်စိန်လှအပါအဝင် ဒေသခံရွာသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
လက္ကာရွာသူ ရွာသားများမှာ တိုက်ပွဲများနှင့် ဖမ်းဆီးမှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းပင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ လက္ကာရွာနှင့် မိုင်အနည်းငယ်ဝေးသည့် တိမ်ညိုနှင့် ပီပင်ရင်း ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေခဲ့ကြရသည်။

ပြီးခဲ့သည့်မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် တပ်မတော်စစ်ကြောင်းရောက်ရှိလာပြီးနောက် လက္ကာရွာ မီးလောင်ပြာကျခဲ့ခြင်းဖြစ်သည်။ ရွာရှိ အိမ်ကြီးအိမ်ကောင်းအများစု ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ်က မြောက်ဦးတဝိုက်တွင် တပ်မတော်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသော အသက် ၃၄ နှစ်အရွယ် မသိန်းဝင်းယဉ်ကလည်း “ကိုယ့်ရွာ မီးလောင်နေတာကို တိမ်ညိုကယ်ဆယ်ရေးစခန်းကနေ ကြည့်နေရတယ်။ ရင်ကွဲမတတ်ခံစားရတယ်” ဟု မျက်ရည်စက်လက်ဖြင့် ပြောသည်။
မီးရှို့ခံရမှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ်နှင့် ဆန်အိတ် ၂၀၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု မသိန်းဝင်းယဉ်က ဆိုသည်။ မည်သည့်ပစ္စည်းမှ မကျန်တော့သည့်အပြင် လက်ရှိတွင်လည်း စစ်ဘေးရှောင်ဘဝဖြင့် နေနေရသောကြောင့် အိမ်တစ်ဆောင် ဆောက်နိုင်ရန် မျှော်လင့်ချက်မရှိဟုလည်း ဆိုသည်။
“အခုကယ်ဆယ်ရေးပေးလို့ စားနေရတယ်။ လုပ်စရာကိုင်စရာလည်းမရှိ။ ဟိုကိုသွားလည်း စစ်သား၊ ဒီကိုသွားလည်း စစ်သား။ စိတ်ထဲမှာလည်း ကြောက်ရွံ့နေတာ။ လုံးဝအတွေ့တောင် မခံရဲဘူး” ဟု မသိန်းဝင်းယဉ်က ပြောသည်။
လက္ကာရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်မခင်စိုးသည်လည်း ရွာမီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၁၀၀ ကျော် အကုန်အကျခံဆောက်ထားသည့် တိုက်အိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး အုတ်နံရံတစ်ခုသာ ကျန်ရှိတော့သည်ဟု ဆိုသည်။ မိုးရာသီအတွက် ဝမ်းစာသိုလှောင်ထားသည့် ဆန်အိတ် ၄၀၀ ကျော်လည်း ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
“ကိုယ့်မှာ ပျက်စီးသွားတာတွေ၊ လုပ်ကိုင်စားသောက်လို့ မရတော့တာတွေကို စိတ်ပူတယ်။ ကြောက်လန့်နေရတယ်။ အဲဒါတွေကို စိတ်ပူတယ်” ဟု မီးလောင်သွားသည့်နေအိမ်ကို ကြည့်ရင်း ဒေါ်မခင်စိုးက ပြောသည်။
ရွာမီးရှို့မခံရမီကပင် လက္ကာရွာဒေသခံများကို တပ်မတော်သားများက တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရွာခံ ၂၁ ဦးနှင့် ဧည့်သည် ၆ ဦး ဖမ်းခံခဲ့ရပြီး ကျန်ရွာသူရွာသားများလည်း ကြောက်လန့်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
လက္ကာရွာမှ ဖမ်းဆီးခံခဲ့ရသူ ၂၇ ဦးအနက် တပ်မတော်က စစ်ဆေးနေစဉ် သေဆုံးခဲ့သူ ၃ ဦးရှိသည်ဟု သိရသည်။ လက်ရှိအချိန်ထိ အသက်မပြည့်သေးသဖြင့် ပြန်လွှတ်ပေးခဲ့သူ ၂ ဦးသာရှိပြီး ရွာသား ၂၂ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။

လက္ကာရွာသူ ဒေါ်မငယ်၏ အမျိုးသား ဦးညွန့်မောင်သည်လည်း တပ်မတော်က ဖမ်းဆီးထားသူများတွင် အပါအဝင်ဖြစ်သည်။ AA နှင့် ပတ်သက်ဆက်နွှယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး အဖမ်းခံရပြီး ရက်ပေါင်း ၂၀ ကျော်မှသာ စစ်တွေမြို့မရဲစခန်းတွင် တွေ့ခွင့်ရခဲ့သည်ဟု ဒေါ်မငယ်က ပြောသည်။
“သူတို့ကို ဟိုမှာရှာ၊ ဒီမှာရှာ စုံစမ်းလို့လည်း မရဘူး။ ရက်ပေါင်း ၂၀ ကျော်လောက်ကြာမှ သူတို့တွေနဲ့ သွားတွေ့ခွင့်ရတဲ့အခါ သိပ်နှိပ်စက်တယ်လို့ပြောတယ်။ ခါးပတ်တွေနဲ့ရိုက်တယ်တဲ့။ ထမင်းလည်းမကျွေး သိပ်နှိပ်စက်ခံခဲ့ရတယ်” ဟု ဒေါ်မငယ်က မျက်ရည်လည်ရွဲဖြင့် ပြောသည်။
မြောက်ဦးနှင့် မိုင် ၉၀ ခန့်ဝေးသည့် စစ်တွေမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသော ခင်ပွန်းဖြစ်သူ၏ ရုံးချိန်းများတွင် အခြားဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်အတူ ဒေါ်မငယ် ပုံမှန်သွားရောက်ဖြစ်သည်။ ခင်ပွန်းဖြစ်သူ အဖမ်းခံရသည့်အပြင် သူကိုယ်တိုင်မှာလည်း စစ်ဘေးရှောင်ဘဝ ရောက်သွားသဖြင့် ဘာစီးပွားရေးမှ မလုပ်နိုင်ကြောင်းလည်း ဒေါ်မငယ်က ပြောသည်။
စစ်ဘေးရှောင်စခန်းတွင် အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် ဖြတ်သန်းနေရသည့်အပြင် ခင်ပွန်းဖြစ်သူ၏ ရုံးချိန်းများစွာ သွားရောက်နေရသဖြင့် နွားရောင်းရငွေများပင် ကုန်ဆုံးပြီဖြစ်ရာ နောက်ရုံးချိန်းများ သွားရောက်နိုင်ရန် မသေချာဟုလည်း ၎င်းက ပြောသည်။
“အခုဆိုရင် ငွေကျပ်သိန်း ၈၀ လောက်ကုန်သွားပြီ။ (စစ်တွေကို) သွားတယ်။ သွားပြီးတော့ အိမ်ရှင် (ခင်ပွန်း) သောက်ဖို့ ဆေးတွေကအစ –။ ထွက်လို့ချည်းပြေးနေရတော့ အလုပ်မလုပ်ရဘူး။ အခုဆိုရင် ရှိတာတွေလည်း အားလုံးကုန်သွားပြီ” ဟု ဒေါ်မငယ်က စိတ်မသက်မသာဖြင့် ပြောသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်လကျော်ရှိပြီဖြစ်ကာ တပ်မတော်နှင့် AA အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိနေသော်လည်း တစ်ချိန်ချိန်တွင် တိုက်ပွဲများပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြဆဲဖြစ်သည်။
စစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့သူ နည်းပါးလာပြီး ဆန်ရိက္ခာတစ်ခုသာ ရှိတော့သည့်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။ လတ်တလော တိုက်ပွဲများရပ်တန့်နေချိန်တွင် လက္ကာရွာဒေသခံအချို့ ရွာပြန်ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းများရှိသလို ထင်းခုတ်ရောင်းသူများလည်း ရှိသည်ဟု သိရသည်။
“အခုအိမ်မှာ ခရမ်းပင်၊ ဘူးပင်တွေ စိုက်ထားတယ်။ ကယ်ဆယ်ရေးစခန်းမှာ ထမင်းတစ်ခုပဲရတယ်။ ဟင်းသီး၊ဟင်းရွက်က မဝယ်ရင် မစားရဘူး။ မိုးလင်းလာရင် ဟင်းဝယ်ဖို့ လိုတယ်။ ဒါကြောင့် အခြားစီးပွားရေးမရရင်လည်း ဟင်းပဲစိုက်ထားရင် ဟင်းအတွက်သက်သာမယ်ဆိုပြီး စိုက်ထားတာပါ” ဟု လက္ကာရွာကို ခေတ္တပြန်ရောက်နေသူ မသိန်းဝင်းယဉ်က ပြောသည်။