
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကြီးနှင့် တင်းမသစ်ကျေးရွာမှ ဒေသခံအချို့သည် မိသားစုဝင်များ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသောကြောင့် ကျောက်တော်မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားရာတွင် ခြိမ်းခြောက်ခံခဲ့ရသည်ဟု သိရသည်။
တပ်မတော်က ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသော ကျောက်တော်မြို့နယ် တင်းမသစ်ရွာသား ၈ ဦးအတွက် ဒီဇင်ဘာ ၈ ရက်တွင် လူပျောက်တိုင်ချက်သွားဖွင့်ရာတွင် အထက်ပါအတိုင်း ခြိမ်းခြောက်ခံခဲ့ရသည်ဟု သွားရောက်တိုင်ကြားခဲ့သူများက ပြောသည်။
”စခန်းက ဂတ်စာရေးက အုပ်ချုပ်ရေးမှူး ဘာဖြစ်လို့ လာတာလဲလို့ မေးပါတယ်။ ကျွန်တော့်မှာ သားတစ်ယောက် အဖမ်းပါသွားတယ်။ အရင်တုန်းကလည်း တစ်ခါတိုင်ထားတယ်။ ဘာမှမထူးဘူး။ နောက်တစ်ခေါက် တိုင်ဖို့ လာတယ်လို့ ပြောတယ်။ အဲဒီစကားပြောလို့ဆုံးတာနဲ့ အစ်ကို့ကို ဖမ်းချုပ်ထားလိုက်လို့ရတယ်ဆိုပြီးတော့ ပြောတယ်” ဟု သွားရောက်တိုင်ကြားရာတွင် ပါဝင်ခဲ့သူ တင်းမအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်းက ပြောသည်။
တင်းမအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်း အပါအဝင် ရွာနှစ်ရွာမှ ဒေသခံ ၂၁ ဦးနှင့် ၎င်းတို့ကို ကူညီပေးသူ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းတို့ ရဲစခန်းတွင် သွားရောက်တိုင်ကြားစဉ် အထက်ပါအတိုင်း ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်ပြီး ပျောက်ဆုံးနေဆဲဖြစ်သော တင်းမကြီး ကျေးရွာသား ၁၀ ဦးအတွက်လည်း ကျောက်တော်မြို့မရဲစခန်း၌ မတ် ၂၃ တွင် တစ်ကြိမ်တိုင်ကြားထားသည်ဟု ဆိုသည်။
မိသားစုဝင်များ ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်၍ လူပျောက်တိုင်ချက်ဖွင့်ရာတွင် ရဲစခန်းစာရေး ဦးအေးထွန်းယဉ် က ‘ဖမ်းချုပ်လိုက်လို့ရသည်’ ဟု ခြိမ်းခြောက်သည့်ပြီး ရဲစခန်းတံခါးကို ပိတ်လိုက်သည့်အတွက် အုတ်နံရံကို ကျော်ကာ ထွက်ပြေးခဲ့ရသည်ဟု တိုင်ချက်ဖွင့်ရာတွင် ပါဝင်ခဲ့သူနောက်တစ်ဦးဖြစ်သည့် တင်းမကြီးကျေးရွာမှ ဒေါ်ဝန်းမေဦးက ပြောသည်။
“ကျွန်မတို့ ကြုံခဲ့ရတာက အဲဒီက ဂတ်စာရေးက ကျွန်မတို့ကို ရန်လိုတယ်။ အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းချုပ်လိုက်ဆိုပြီးတော့ ပြောတယ်။ နောက်ပြီးတော့ ရဲစခန်းတံခါးပေါက်ကို ပိတ်လိုက်တယ်။ ပိတ်လိုက်တော့ ထွက်ပြေးလို့ မရဘူး။ အုတ်နံရံက ကျော်ပြီး ထွက်ပြေးရတာ။ အဲဒီအချိန်မှာ ကျွန်မတို့အားလုံးလည်း ထွက်ပြေးကြတယ်” ဟု ဒေါ်ဝန်းမေဦးက ပြောသည်။
ကျောက်တော်မြို့မရဲစခန်း၌ လူပျောက်တိုင်ချက်ဖွင့်ရန် သွားရောက်စဉ် ကျေးရွာအုပ်ချုပ်ရေးကို ရဲစခန်းစာရေးက ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့ကြောင်း ကြားသိရသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးဘဲ ရဲစခန်းက ဆောင်ရွက်ပေးမှု အားနည်းသည်ဟုထင်မြင်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဆိုသည်။
“တင်းမကလူတွေ ထွက်ပြေးလာပြီး စစ်ရှောင်စခန်းထဲမှာ ရှိနေတဲ့အချိန် ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ရဲကို အကြောင်းကြားထားဆိုလို့ အကြောင်းကြားထားတာတွေ ရှိပါတယ်။ အမှုဖွင့်ဖို့အတွက် (လူပျောက်) နာမည်စာရင်းတွေ ယူတယ်။ သူတို့ (ရဲစခန်း) က နာမည်တွေကို မှတ်ထားလိုက်ပြီး ဆက်လက်ဆောင်ရွက်မှု အားနည်းတယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်းစာရေး ဦးအေးထွန်းယဉ်နှင့် ကျောက်တော်မြို့မရဲစခန်းမှူးတို့ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။
၂၀၁၉ နိုဝင်ဘာမှ ၂၀၂၀ နိုဝင်ဘာအထိ တစ်နှစ်တာအတွင်း ကျောက်တော်မြို့နယ်တွင် AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် တပ်မတော်၏ ဖမ်းဆီးခံရပြီး ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်တောက်နေသူ အမျိုးသား ၂၂ ဦး ရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဒေသခံများ ဖမ်းဆီးခံထားရမှုနှင့်ပတ်သက်၍ ဦးဦးထွန်းဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဧပြီလအတွင်းက စာပေးပို့ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာအကြောင်းပြန်ကြားမှု မရှိဟု ဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုကဲ့သို့ လူပျောက်ဆုံးမှုများ ရှိမရှိနှင့် ပတ်သက်၍ အငြင်းမပွားလိုဘဲ ရှိကောင်းရှိနိုင်သည်ဟု နေပြည်တော်၌ နိုဝင်ဘာ ၂၇ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူပျောက်ဆုံးမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင် အမှုဖွင့်ရန် တိုက်တွန်းထားပြီး တပ်မတော်အနေဖြင့် ဥပဒေအထက် ကျော်လွန်လုပ်ဆောင်ရန် အကြောင်းမရှိကြောင်းလည်း ၎င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။