
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်သည် ကချင်ပြည်နယ် မြစ်ကြီးနား၌ ယနေ့ (ဒီဇင်ဘာ ၁) တွင် တွေ့ဆုံခဲ့ပြီး ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဒေါက်တာခလန်ဆမ်ဆွန်က ပြောသည်။
မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မလိခရိပ်သာတွင် ယနေ့နံနက် ၁၀ နာရီခန့်မှစ၍ တစ်နာရီခွဲခန့်ကြာ အလွတ်သဘော တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကချင်စစ်ရှောင်များအရေးနှင့် မိုင်းရှင်းလင်းရေးအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စ၊ ရခိုင်ပြည်နယ်ရှိ စစ်ပွဲနှင့် ရွေးကောက်ပွဲကိစ္စ၊ ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးတို့အကြောင်း ဆွေးနွေးခဲ့သည်ဟု ဒေါက်တာခလန်ဆမ်ဆွန်က ပြောသည်။
စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မိုင်းရှင်းလင်းရေးတွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် ပြောဆိုခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
“အခုက နိုင်ငံတကာကူညီမှုတွေက နည်းလာတယ်ဆိုတော့ နိုင်ငံတကာကူညီမှုကို စောင့်နေမယ့်အစား ကိုယ်သဘောနဲ့ကိုယ် ရပ်ရွာပြန်ရေးကို ဦးစားပေးရတော့မယ်ဆိုတော့ မိုင်းရှင်းလင်းရေးကိစ္စတွေက တော်တော့်ကိုအရေးပါလာတယ်။ ဆိုတော့ ဒီကိစ္စမှာ တပ်မတော်ရဲ့ ပါဝင်ပူးပေါင်းမှုနဲ့ မိုင်းရှာပေးတဲ့ကိစ္စကိုတော့ တော်တော်အလေးထားပြီး ပြောခဲ့ပါတယ်” ဟု ဒေါက်တာခလန်ဆမ်ဆွန်က ပြောသည်။
ထို့အပြင် KIA နှင့် စစ်ရေးတင်းမာမှု မဖြစ်လိုကြောင်း၊ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများအပေါ် ထိခိုက်မှု မြင့်တက်လာမည်ကိုလည်း စိုးရိမ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။
တပ်ပိုင်းဆိုင်ရာကိစ္စများအတွက် ကချင်ပြည်နယ်သို့ လာရောက်စဉ် တွေ့ဆုံရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာခလန်ဆမ်ဆွန်က ဆိုသည်။
ယခုတွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါက်တာခလန်ဆမ်ဆွန်တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး သမ္မတဦးသိန်းစိန်၏၂၀၁၄ ခုနှစ် ကချင်ပြည်နယ်ခရီးစဉ်တွင် ပထမအကြိမ်၊ ၂၀၁၉ စက်တင်ဘာတွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ဖူးသည်။
၂၀၁၉ ဇူလိုင်လအတွင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်များကို မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ဒေါက်တာခလန်ဆမ်ဆွန်က ပြောကြားခဲ့သည့်အတွက် ၎င်းကို အရေးယူပေးရန် တပ်မတော်က မြစ်ကြီးနားမြို့နယ်တရားရုံး၌ ဩဂုတ်လတွင် ဦးတိုက်လျှောက်ထားခဲ့ဖူးသည်။
သို့သော် ယင်းတိုင်ကြားချက်ကို သုံးရက်အကြာတွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး စက်တင်ဘာ ၁၂ တွင် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဒေါက်တာခလန်ဆမ်ဆွန်ကို ခေါ်ယူတွေ့ဆုံခဲ့သည်။
ယနေ့ ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တပ်မတော်အရာရှိအချို့ပါဝင်ပြီး KBC မှ ဒေါက်တာခလန်ဆမ်ဆွန် အပါအဝင် အဖွဲ့ဝင် ၆ ဦးတက်ရောက်ခဲ့သည်ဟု သိရသည်။