သတင်း

အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးသက်တမ်းမပြည့်မီ အနားယူမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ရာထူးသက်တမ်းမပြည့်သေးသော်လည်း မနက်ဖြန် (ဒီဇင်ဘာ ၂) မှစ၍ ရာထူးတာဝန်မှ အနားယူတော့မည်ဖြစ်ကြောင်း သိရှိရသည်။ 

ဦးအောင်ကြည် ဦးဆောင်သော ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၇ နိုဝင်ဘာတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတ၏သက်တမ်းအတိုင်း ၂၀၂၁ ခုနှစ် မတ်လကုန်အထိ လုပ်ပိုင်ခွင့်ရှိသော်လည်း သက်တမ်းမကုန်မီ ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်သမ္မတက အတည်ပြုပေးလိုက်ပြီဖြစ်သောကြောင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၏ နုတ်ထွက်မှုကို သင့်တော်သည့် အချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ပေးသွားမည်ဟု Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။

ဦးအောင်ကြည်၏ Facebook စာမျက်နှာတွင်လည်း ၂၀၂၁ နှစ်ဦးပိုင်းမှစ၍ ‘ဧကာယနော မဂ္ဂေါ’ တစ်ကြောင်းတည်းသောလမ်း ကိုယ်၊နှုတ်၊ နှလုံး သုံးပါးစလုံးကို စောင့်ရှောက် လျှောက်လှမ်းသွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နှစ်ကျော် အချိန်ယူ၍ အဘက်ဘက်မှ ပြင်ဆင်ခဲ့ရာ ယခုအခါ ပြင်ဆင်မှုအဆင့်အားလုံး၌ အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါသည်ဟု ယမန်နေ့က ရေးသားထားသည်။

ကိလေသာစင်ကြည်စေရန် သောကပရိဒေဝကို လွန်မြောက်စေရန် နှစ်ရှည်ပွားများ အားထုတ်သွားရမည့် ခရီးဖြစ်ပါသောကြောင့် Ko Tuu နှင့် Aung Kyi အမည်ရှိသော ၎င်း၏ Facebook စာမျက်နှာများကိုလည်း ဒီဇင်ဘာ ၁၂ ရက် မှစ၍ အပြီးတိုင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဦးအောင်ကြည်က ကြေညာထားသည်။

ဥက္ကဋ္ဌ ဦးအောင်ကြည်နုတ်ထွက်သွားသော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေအရ လက်ရှိကော်မရှင်အဖွဲ့သည် အသစ်ဖွဲ့စည်းခန့်အပ်တာဝန်ပေးပြီးသည့်အချိန်အထိ လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသည်။

လက်ရှိအခြေအနေများနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပါ။

သူ၏ ရာထူးသက်တမ်းအတွင်း အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမှုများဆောင်ရွက်ခဲ့သလို အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိသည့် ကိစ္စများကိုလည်း ကြိုတင်တားဆီးကာကွယ်မှုများ လုပ်ဆောင်နေကြောင်း ဦးအောင်ကြည်က ၂၀၂၀ ခုနှစ် ဇွန်လအတွင်းတွင် Myanmar Now ကို ဖြေကြားဖူးသည်။

သို့သော် အစိုးရဝန်ထမ်းများ၏ ရာထူးတာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွားများ ထွေးရောယှက်တင်ဖြစ်နေသည့် အခြေအနေများနှင့် ပတ်သက်၍မူ လက်ရှိအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ထိုသို့သော အကျိုးစီးပွားပဋိပက္ခဆိုင်ရာကိစ္စများ တိုက်ရိုက်ဖော်ပြထားခြင်း မရှိသည့်အတွက် တားဆီးကာကွယ်နိုင်ခြင်းမရှိသလို၊ စုံစမ်းစစ်ဆေးရန်အခွင့်အာဏာလည်း ကော်မရှင်တွင်မရှိကြောင်း ဦးအောင်ကြည်က ပြောထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ငါးဦးစီထက်မပိုသော လူပုဂ္ဂိုလ်များကို အဆိုပြုရခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို နိုင်ငံတော်သမ္မတက ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်ဖြင့် ခန့်အပ်ရခြင်းဖြစ်သည်။

ဦးအောင်ကြည်သည် တပ်မတော်၌ ဗိုလ်ချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁−၁၅) တွင် အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာများတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ယင်းမတိုင်မီ စစ်အစိုးရလက်ထက်တွင်လည်း တပ်မတော်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးမှုများကို တာဝန်ယူရသည့် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

ဦးအောင်ကြည် အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေချိန်အတွင်း ရန်ကုန်တိုင်းဥပဒေအရာရှိချုပ် ဦးဟန်ထူးနှင့် တရားရေးအရာရှိငါးဦး၊ အကောက်ခွန်အရာရှိ ၃၂ ဦး၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်တို့ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အရေးယူနိုင်ခဲ့သည့်ဖြစ်စဉ်များမှာ ထင်ရှားသည်။

နေပြည်တော်တွင် အဂတိတိုက်ဖျက်ရေးကော်မရှင် ရုံးသစ်တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မွန်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ပေးခဲ့သည်။

ထို့အတူ အာရှ ၁၇ နိုင်ငံတွင် စစ်တမ်းကောက်ယူပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းထုတ်ပြန်သည့် Global Corruption Barometer Asia 2020 အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်မှုတွင် မြန်မာနိုင်ငံကို အဆင့် ၁ နေရာတွင် သတ်မှတ်ဖော်ပြထားသည်။

Show More

Related Articles

Back to top button