သတင်း

ခရစ္စမတ်ပွဲလုပ်မည်ကို လာရောက်တားဆီးရာမှ ခိုက်ရန်ဖြစ်ပွားကာ ပွဲပျက်

ရန်ကုန် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ခရစ္စမတ်ပွဲတော် အခမ်းအနား ကျင်းပရန် ပြင်ဆင်နေချိန်တွင် ပွဲမလုပ်ရန် လာရောက်တားဆီးသူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် အခမ်းအနား မဏ္ဍပ်များ ပျက်စီးကာ လူအချို့ ထိခိုက်ဒဏ်ရာရသည်ဟု ပွဲစီစဉ်သူများက ပြောသည်။

အမ်းမြို့နယ် စပ်စီ ကျေးရွာအုပ်စု စပ်စီရွာမ တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ခရစ္စမတ်ပွဲတော် အတွက် ပြင်ဆင်နေခိုက်တွင် ထိုရွာဒေသခံများပါဝင်သည့် လူအုပ်တစ်အုပ်က လာရောက် တားဆီးခဲ့ကာ ကျင်းပမည့် မဏ္ဍပ်များကို ဖျက်ဆီးခဲ့သည်ဟု ပွဲစီစဉ်သည့်အထဲတွင် ပါဝင်သည့် အမ်းမြို့ တီးတိန်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ အသင်းတော်လူကြီး ဆလိုင်း အောင်လံက Myanmar Now ကိုပြောသည်။

၎င်းကိုယ်တိုင်လည်း ပခုံးတွင် ဒဏ်ရာအနာတရဖြစ်ခဲ့ကြောင်း၊ ထိုနေ့က လာရောက်တားဆီးကာ ရန်ပြုသွားသည့် စပ်စီကျေးရွာခံများကို အမှုဖွင့် တိုင်ကြားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

လာရောက်တားဆီးခဲ့သူများကို ဦးဆောင်သူများထဲတွင် ဘုန်းတော်ကြီးအချို့ပါဝင်ပြီး ပါဝင်သည့် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာ မဲလက်မောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဥတ္တမက ၎င်းတို့ဒေသမှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာဒေသဖြစ်ကြောင်း၊ ခရစ္စမတ်ပွဲတော်ကျင်းပသည့် အစဉ်အလာ လုံးဝမရှိခဲ့ကြောင်း၊ လုပ်ကိုင် နေသူများ မှာလည်း လုပ်ပိုင်ခွင့် အထောက်အထားများမရှိခြင်းကြောင့် “ဆုံးမ” လိုက်ခြင်း ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

ခရစ္စမတ်အခမ်းအနား မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သော်လည်း လိုက်နာခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

အဲဒါတွေကို ဦးပဉ္စင်းတို့က သိတဲ့အခါမှာ တားမြစ်တဲ့ သဘောနဲ့ဆုံးမတဲ့ သဘောမျိုးပဲရှိတယ်ဟု ၎င်းက ပြောသည်။

အဆိုပါနေ့က နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သိလျှင်သိချင်း ရဲတပ်ဖွဲ့များနှင့်သွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊  ဗုဒ္ဓဘာသာဝင်များဘက်က နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်ဘာသာဝင် များ ဘက်က တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ ကြောင်း စပ်စီ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသူက ပြောသည်။

စပ်စီရွာမတွင် နေအိမ် ၁၁၁ လုံး၊ လူဦးရေ ၅၀၀ ရှိပြီး အများစုမှာ ရခိုင်နှင့် ဗမာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကာ ချင်း အိမ်ထောင်စု ၄၀ ခန့်ရှိသည်ဟု ၎င်းက ပြောသည်။

ထိုရွာတွင် သာသနာပြုနေသည့် တီးတိန်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ သင်းအုပ်ဆရာ ဦးခင်မောင်ထွေးက ၎င်းတို့သည် ၂၀၁၈ ခုနှစ်က မတ်လပိုင်းတွင် သာသနာပြုရန်အတွက် စပ်စီကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး ချင်းအိမ်ထောင်စု ၄၀ အနက်မှ ၁၄ စုက ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည်ဟု ပြောသည်။

အဆိုပါ ချင်းအိမ်ထောင်စု ၁၄ စုမှာ ယခင်က နတ်ကိုးကွယ်သူများဖြစ်သည်ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button