သတင်း

တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင်ရန် အာဏာရ NLD ပါတီ ဖိတ်ခေါ်

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် ယနေ့ (နိုဝင်ဘာ ၁၂) တွင် တိုင်းရင်းသားပါတီ ၄၈ ခုထံ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း ထုတ်ပြန်ခဲ့သည်။ 

ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD သည် နောင်အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

“တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟုလည်း NLD က ဆိုသည်။ 

တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

NLD က ဖိတ်ခေါ်ခဲ့သည့် တိုင်းရင်းသား ၄၈ ပါတီအနက် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) အပါအဝင် ကချင်အခြေစိုက်ပါတီများ၊ မွန်ညီညွတ်ရေးပါတီ (MUP) အပါအဝင် မွန်အခြေစိုက် ၂ ပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် ရခိုင်အခြေစိုက်ပါတီများ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အပါအဝင် ချင်းလူမျိုးစုပါတီများ၊ ကယားအခြေစိုက် ၂ ပါတီ၊ ကရင်ပါတီများ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ရှမ်းအခြေစိုက်သို့မဟုတ် အခြားတိုင်းသို့မဟုတ်ပြည်နယ်များတွင် အခြေစိုက်သည့် ရှမ်းပါတီများ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ နာဂအမျိုးသားပါတီတို့ ပါဝင်သည်။

ဒီမိုကရေစီဖက်ဒရယ်လမ်းသို့ သွားရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရသည့် ပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတွက် ပထမဆုံးလှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။ 

“ဦးတည်ချက်ချင်းတူတယ်လို့ပဲ ပြောချင်တယ်။ မူဝါဒဆိုတာက တစ်ခါတလေမှာ လုပ်ထုံးလုပ်နည်းလေးတွေ ကွဲတတ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သည့် တိုင်းရင်းသားညီညွတ်ရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတို့ အမြန်ရရှိရန် လိုအပ်နေသည့်အတွက် မြန်မြန်ဆန်ဆန် အတူတကွဆောင်ရွက်နိုင်ရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ထိုက်သင့်တဲ့ အုပ်ချုပ်ရေးအတွေ့အကြုံ ရှိနေပြီလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ရှေ့ကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ခရီးသွားနိုင်ဖို့အတွက် အခုလို ကမ်းလှမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် လက်ရှိအာဏာရ NLD ပါတီသည် လုပ်ပိုင်ခွင့်နေရာ အားလုံးကို ၎င်းတို့ပါတီ တစ်ခုတည်းက ယူမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် ရည်မှန်းထားသည်ဟုလည်း ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောကြားထားသည်။

ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က NLD ၏ ထုတ်ပြန်ချက်ကို ဖတ်နေဆဲ ဖြစ်သဖြင့် သဘောထားကို မပြောနိုင်သေးကြောင်း ဆိုသည်။ 

“အခုမှ ဖတ်နေတုန်းရှိသေးတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ရသေးဘူး” ဟု ဦးစိုင်းညွန့်လွင်က Myanmar Now ကို ပြောသည်။  

ဖိတ်ခေါ်လိုက်ကြောင်း NLD ပါတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ပထမအကြိမ်ထုတ်ပြန်ရာ တိုင်းရင်းသားပါတီ ၃၉ ခုသာ ပါဝင်ပြီး စာရင်းတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကဲ့သို့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာအချို့ အနိုင်ရထားသည့် ပါတီအချို့ မပါဝင်ပေ။ 

ယင်းသို့ မပါဝင်လာခြင်းနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က ဖယ်ထုတ်လိုက်သည့် သဘောမဟုတ်ဟု ဆိုသည်။

“ဒါက ကျွန်တော်တို့ အမည်တပ်ပြီး ဖိတ်ကြားလိုက်ပေမယ့် ကျန်တဲ့လူတွေကို ဖယ်ထုတ်ထားတဲ့သဘောတော့ မသက်ရောက်ပါဘူးခင်ဗျ။ ကျွန်တော်တို့ ဒီဟာ ဆွေးနွေးမှုတွေ ရှိလာမယ်ဆိုရင် ဒီနေရာမှာ ကျွန်တော်တို့ ပန်းတိုင်တူတဲ့သူတွေ ပူးပေါင်းလာမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုရမှာပါ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ခံရသည့် ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေဆဲ ဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်များအရ NLD သည် တိုင်းဒေသကြီး မဲဆန္ဒနယ်အားလုံးနီးပါးနှင့် ပြည်နယ်အများစုတွင် အနိုင်ရရှိထားသည်။ 

သို့သော်လည်း ည ၈ နာရီခွဲခန့်အချိန်တွင် ပထမအကြိမ်စာရင်းတွင် မပါဝင်သည့် တိုင်းရင်းသားပါတီ ၉ ခု ထပ်မံပါဝင်လာပြီး စုစုပေါင်း တိုင်းရင်းသားပါတီ ၄၈ ခု ရှိလာသည်။

Myanmar Now က စုစည်းရရှိထားသည့် အချက်အလက်များအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာ ၃၀၊ SNLD က ၁၅ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၈ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့က ၅ နေရာစီ အနိုင်ရရှိထားသည်။  

NLD သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ မဟာမိတ်တိုင်းရင်းသားပါတီများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးအေးစက်ခဲ့သည်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကိုင်တွယ်ဖြေရှင်းခြင်း၊ အုပ်ချုပ်ရေးနှင့် လွှတ်တော်အာဏာ ခွဲဝေခြင်းအပိုင်းများတွင် တိုင်းရင်းသားပါတီများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ 

(မှတ်ချက်- NLD က ည ၈ နာရီခွဲ အချိန်တွင် ပြင်ဆင်ထုတ်ပြန်သည့်စာရင်းအရ ဤသတင်းကိုလည်း ပြန်လည်ပြင်ဆင်ထားပါသည်)

Show More

Related Articles

Back to top button