ရွေးကောက်ပွဲ

နေပြည်တော် တပ်မတော်မဲရုံတစ်ခုတွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှု ဖြစ်ပွား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧရိယာအတွင်းရှိ နေပြည်တော် ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်မဲရုံတွင် ကြိုတင်မဲပုံးတစ်ပုံး၏ လုံခြုံရေးကြိုး ပြတ်တောက်နေသည်ကို ယနေ့ (နိုဝင်ဘာ ၄) မနက်ပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။

ထိုသို့ ကြိုတင်မဲပုံး၏ လုံခြုံရေးကြိုး ပြတ်တောက်နေသည်ကို ယနေ့မနက် ၈နာရီ မထိုးမီအချိန်တွင် မဲရုံမှူးက သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

“တစ်ဦးတစ်ယောက်ကမှ မဲပုံးလုံခြုံရေးကြိုးကို ဖျက်တာမဟုတ်ဘဲနဲ့ ကြိုးတွေရဲ့ ခိုင်ခန့်မှု အရည်အသွေးမပြည့်မီမှု၊ မဲပုံးတွေမှာ မဲဆန္ဒရှင်တွေရဲ့စာအိတ်တွေမဆံ့လို့ လှုပ်ခတ်ပြီး ပိတ်လိုက်တဲ့အခါမှာ ကြိုးတွေက ကန်ကျောက်မှုဖြစ်ပြီး ပြတ်တယ်လို့ အဲဒီလိုတွေ့ပါတယ်”ဟု ဦးမောင်မောင်က ပြောသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်အပေါ် သာမန်ဖြစ်ရိုးဖြစ်စဉ်၊ သဘောရိုးဖြင့် ပေါ်ပေါက်သည့်ကိစ္စအဖြစ် သုံးသပ်မှတ်တမ်းတင်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

ဇေယျာသီရိမြို့နယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ဒေါက်တာမိုးဆွေကမူ ကော်မရှင်၏ အဆုံးအဖြတ်အတိုင်းသာဖြစ်ပြီး သီးခြားမှတ်ချက်ပေးရန် မရှိကြောင်း ဆိုသည်။ 

ပြတ်တောက်သွားသည့် လုံခြုံရေးကြိုးအပြင် အခြားမဲပုံးတစ်ခုရှိ ကြိုးသည်လည်း ပြတ်တောက်လုနီးပါး ဖြစ်နေသဖြင့် ကြိုး၏အမှတ်စဉ်ကို မှတ်သားကာ ပါတီအချို့၏ မဲရုံကိုယ်စားလှယ်များ၊ မဲရုံမှူးနှင့် တပ်မတော်တာဝန်ရှိသူများရှေ့တွင် လဲလှယ်ဆောင်ရွက်ခြင်း၊ မဲပုံးအားလုံးကို တိပ်ပိတ်ခြင်းများ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည်ကို Myanmar Now က မျက်မြင်တွေ့ရသည်။

ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်မဲရုံအတွင်း လုံခြုံရေးကြိုးပြတ်တောက်နေသည့် ကြိုတင်မဲပုံးတစ်ပုံးကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်လှိုင်လင်း/Myanmar Now)

အလားတူဖြစ်စဉ်မျိုး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဇေယျာသီရိမြို့နယ် ကျည်တောင်ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများထံ ကြိုတင်မဲလိုက်ကောက်စဉ် ပေါ်ပေါက်ခဲ့ဖူးပြီး အများရှေ့တွင် မဲပုံးလုံခြုံရေးကြိုး လဲလှယ်ခဲ့ရကြောင်း ဦးမောင်မောင်က ဆိုသည်။ သို့သော်လည်း Myanmar Now က ဖြစ်စဉ်အသေးစိတ်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၅ အထိ အသက် ၆၀ နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်မဲပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

တပ်မတော်ဝန်ထမ်းများ၏ အသက် ၆၀ အထက် မိသားစုဝင်များ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ရန်ရှိသည့် တပ်မတော်သားနှင့် မိသားစုဝင်များက ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်မဲရုံတွင် ကြိုတင်မဲပေးနေခြင်းဖြစ်သည်။ ယနေ့အထိ ကြိုတင်မဲပေါင်း ၈၀၀ ကျော် လက်ခံရရှိပြီးဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အခြေစိုက်ရာ ဇေယျာသီရိမြို့နယ်သည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်စလုံးတွင် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်များကသာ အနိုင်ရထားသည့် မဲဆန္ဒနယ်ဖြစ်သည်။

နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ပြီး  NLD ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေနှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိသည်။

Show More

Related Articles

Back to top button