
ရခိုင်ပြည်နယ် မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်တွင် အောက်တိုဘာ ၁၉ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။
ရသေ့တောင်မြို့၏မြောက်ဘက် နှစ်မိုင်ကျော်အကွာရှိ ရွာသစ်ကေရွာအတွင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကျည်စထိမှန်၍ အသက် ၂၁ နှစ်အရွယ် ကျောင်းဆရာ ကိုမျိုးဆန်းနိုင်ဦး သေဆုံးခဲ့သည်။
“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ လက်နက်ကြီးက ရသေ့တောင်မြို့ပေါ်တပ်ရင်းကနေ မနက်ကတည်းက ပစ်နေတာ။ ဒဏ်ရာရလို့ ရသေ့တောင်ဆေးရုံကို ယူသွားတယ်။ ဒဏ်ရာပြင်းတော့ ရသေ့တောင်ဆေးရုံက စစ်တွေဆေးရုံကို ယူသွားတဲ့အချိန် လမ်းမှာဆုံးတာ။ အခုမိသားစုဝင်တွေက ရူးမတတ် ခံစားနေကြရတယ်” ဟု ရွာသစ်ကေရွာသားတစ်ဦး Myanmar Now ကို ပြောသည်။
ကျောက်ဖြူပညာရေးကောလိပ်ဆင်း ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုမျိုးဆန်းဦးသည် ရသေ့တောင်မြို့နယ် ငစံပေါ်ကျေးရွာ မူလတန်းလွန်စာသင်ကျောင်းတွင် တာဝန်ကျသည်မှာ သုံးလခန့်သာ ရှိသေးကြောင်း ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆန်းက ပြောသည်။
ရွာသစ်ကေကျေးရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကျောင်းဆရာတစ်ဦး သေဆုံးသည်မှာ မှန်ကန်ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အတည်ပြုသည်။
ယမန်နေ့၌ပင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။
သေဆုံးသွားသည့် ကလေးငယ်မှာ မောင်မျိုးဇော်ဌေးဖြစ်ပြီး ကလေးငယ်၏ဖခင် ဦးကျန်မြင့်နှင့် ဘေးကပ်လျက်ရှိ နေအိမ်မှ ဒေါ်သန်းယဉ်သည်လည်း လည်ပင်း၊ ခြေထောက်နှင့် လက်များတွင် ဒဏ်ရာရရှိခဲ့သည်ဟု ထမ္မရာဇ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းထွန်းက ပြောသည်။
“ဦးကျန်မြင့်တို့ သားဖနှစ်ယောက်က သူတို့အိမ်ဝင်းထဲမှာ ဟင်းသင်နေကြတာ။ အဲဒီအချိန်မှာ လက်နက်ကြီးကျည်တစ်လုံးက ကျရောက်ပေါက်ကွဲပြီးတော့ သားဖြစ်သူက အဲဒီနေရာမှာပဲ ပေါင်တွေ၊ ရင်ဘတ် တွေ၊ ခြေထောက်တွေအားလုံး ကျိုးပြီးတော့ ဆုံးသွားတယ်။ အဖေဖြစ်သူလည်း ဒဏ်ရာရသွားတယ်။ သူတို့အိမ်ဘေးက ဒေါ်သန်းယဉ်ဆိုတဲ့ အမျိုးသမီးမှာလည်း ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး မေယုမြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။