သတင်း

ပလက်ဝမြို့နယ် ဒေသခံတစ်ဦးကို AA ဖမ်းဆီး

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကြက်မအိုင်ရွာက ဒေသခံတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာ ၁၈ ရက်တွင် ဖမ်းဆီးသွားသည်ဟု ချင်းနေရပ်စွန့်ခွာစစ်ရှောင်များကူညီထောက်ပံ့ရေးကော်မတီ (CISC) အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

ဆမီးမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကြက်မအိုင်ကျေးရွာ လှေဆိပ်တွင် ရေချိုးနေသည့် ကြက်မအိုင်ရွာသား အသက် ၃၄ နှစ်အရွယ် ကိုဒုန်းအောင်ကို အောက်တိုဘာ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်တွင် စက်လှေတစ်စီးဖြင့် ရောက်လာသည့် AA လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အခုအချိန်အထိကတော့ ဘာမှအဆက်အသွယ် မရသေးဘူး။ အခြေအနေကတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်” ဟု ဆလိုင်းကျော်အောင်က ပြောသည်။

မီးချောင်းအတိုင်း ဆန်တက်လာသည့် အဆိုပါစက်လှေတွင် ဆန်အိတ်အပြည့်တင်ဆောင်လာပြီး စက်လှေပေါ်ပါသည့် လက်နက်ကိုင်နှစ်ယောက်က လှေဆိပ်တွင် ခေတ္တရပ်ကာ ကိုဒုန်းအောင်ကို အနည်းငယ်မေးမြန်းပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒီဆန်အိတ်တွေနဲ့ လှေကို သိလားလို့မေးတော့ ဒုန်းအောင်က သိတယ်လို့ ဖြေလိုက်တယ်။ ပြီးတာနဲ့ ကြိုးတုပ်ပြီး တာပေါ်လင်စနဲ့ပတ်ပြီး စက်လှေပေါ် တင်သွားတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါမိသားစုဝင်က ပြောသည်။

ကိုဒုန်းအောင်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပြီး စစ်ဆေးမှုများပြီးဆုံးပါက အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခံထားရသည့် AA အဖွဲ့ကို  Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ကြက်မအိုင်ရွာသည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း တပ်မ‌တော်နှင့် AA တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မီးဝဗျူဟာကုန်း၏ အထက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပလက်ဝဒေသခံလူငယ် ၄ ဦးကို AA ကဖမ်းဆီးခဲ့ပြီး ၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၃၁ နှစ်အရွယ် ဆလိုင်းအောင်စိုးကို ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ 

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်၏ အဆိုအရ ၂၀၁၅ မှ ယနေ့အထိ AA ၏ ဖမ်းဆီးခံရသူ ပလက်ဝဒေသခံပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး ၁၈၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၂၀ ‌ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။ 

Related Articles

Back to top button