
နိုင်ငံတော်သမ္မတဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသိန်းစိန်၏ နေပြည်တော်ရှိ အိမ်အမှတ် A (၄) လိပ်စာဖြင့် မဲစာရင်းတွင် ပါဝင်နေသူ ၁၈၄ ဦးအထိ ရှိနေသည်။
စစ်အစိုးရလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ထိပ်သီးခေါင်းဆောင် ခြောက်ယောက်နေထိုင်ရာ ခြောက်လုံးတန်းဟု ခေါ်ဝေါ်ကြသည့် နေပြည်တော်ရှိ ထိုသီးသန့်အိမ်ရာတွင် သမ္မတဟောင်းဦးသိန်းစိန်နေထိုင်ရာ အိမ်မှ မဲစာရင်းဝင်နေသူများ စာရင်းကို Myanmar Now က ရရှိထားသည်။
ဗိုလ်ချုပ်ကြီးဟောင်းများနေထိုင်ရာ ခြောက်လုံးတန်းအိမ်ရာမှ မဲစာရင်းသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စုရှိ မဲရုံအမှတ် ၂ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နေခြင်းဖြစ်ပြီး ဦးသိန်းစိန်၏ နေအိမ်လိပ်စာဖြင့် မဲဆန္ဒရှင်စာရင်း လူ ၁၈၀ ကျော် ပါဝင်လျက်ရှိသည်။
ထိုသို့ ပါဝင်နေခြင်းမှာ ကျေးရွာသားမဲဆန္ဒရှင်များ၊ ကျေးရွာအုပ်စုအနီးပတ်ဝန်းကျင်ရှိ အစိုးရရုံးဌာနအချို့မှ ဝန်ထမ်းများကို သမ္မတဟောင်းဦးသိန်းစိန်၏ နေအိမ်လိပ်စာဖြင့် မဲစာရင်းတွင် မှားယွင်းဖော်ပြမိခြင်းကြောင့် ဖြစ်သည်ဟု ညောင်ပင်ကြီးစုကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှငွေက Myanmar Now ကို ပြောသည်။
“တချို့ သိတဲ့လူတွေ (ကျေးရွာသား) လာပြီးမေးကြတဲ့အခါကျတော့ (A -4) လွဲနေတာတွေကို ပြန်တည့်(လိပ်စာပြန်ပြင်) ပေးထားတယ်ဗျ။ မသိတဲ့သူတွေလည်း တော်တော်ပါတယ်ဗျ။ (A -4) လို့ လိပ်စာလွဲပါနေတာ”ဟု ဦးလှငွေက ပြောဆိုသော်လည်း လိပ်စာပြန်ပြင်ပြီးသူ မည်မျှရှိသည်ကိုမူ တိကျစွာ မသိရပေ။
ညောင်ပင်ကြီးစုကျေးရွာနေ ကိုခိုင်ထွန်းကမူ ကွယ်လွန်သွားသည့် ၎င်း၏ဖခင်မှာ စာရင်းပါဝင်နေ၍ ပယ်ဖျက်ခဲ့ရသည်အထိ မဲစာရင်းအမှားအယွင်းရှိနေသည်ဟု ပြောသည်။ သို့သော် နေရပ်လိပ်စာအမှားဖြင့် ကျေးရွာသားအများအပြား မဲစာရင်းတွင် ပါဝင်နေသည်ကိုမူ မကြားသိကြောင်း ၎င်းက ပြောသည်။
“လိပ်စာလွဲတာဘာညာ လာတည့်တာတော့ မကြားမိဘူး။ နာမည်လွဲလို့ လာတည့်တာတော့ ကြားတယ်”ဟု ညောင်ပင်ကြီးစုကျေးရွာနေ ကိုခိုင်ထွန်းက ပြောသည်။

မဲပေးမည့်သူ ၉ ဦးသာရှိသည်ဟု သိထားပြီး သမ္မတဟောင်းဦးသိန်းစိန်၏ နေအိမ်လိပ်စာဖြင့် မဲစာရင်းတွင် လူအမြောက်အမြားပါဝင်နေခြင်းအပေါ် အံ့ဩမိကြောင်း လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် (ခ) မောင်တင်သစ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝင် ဦးရည်မွန် (ခ) မောင်တင်သစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည့်သူဖြစ်သည်။
သမ္မတဟောင်းဦးသိန်းစိန်၏ နေအိမ်လိပ်စာဖြင့် မဲစာရင်းတွင် လူအမြောက်အမြားပါဝင်နေခြင်းသည် မဲစာရင်းတွင် လိပ်စာမှား၍ မှတ်တမ်းတင်မိသည့်သဘောဟု ကနဦးအနေဖြင့် ကောက်ချက်ချထားကြောင်း ကျေးရွာရွေးကောက်ပွဲကော်မရှင်နှင့် ကျေးရွာတာဝန်ခံများက ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပုဗ္ဗသီရိမြို့နယ်တွင် လာရောက်နေထိုင်ရုံဖြင့် မဲစာရင်းတွင် ပါလာသူများဟုတ်မဟုတ်ကိုမူ စိစစ်ဦးမည်ဟု ဦးရည်မွန်က ပြောသည်။
“ဘယ်လိုတိုးလာတဲ့ လူတွေလည်းဆိုတော့ ထပ်ပြီးတော့ စိစစ်ရပါဦးမယ်။ ဒီအတွက် မြို့နယ်ကော်မရှင်ကို အကြောင်းကြားပြီးတော့ လိုအပ်တာတွေ ဆက်ပြီးတော့ ဆောင်ရွက်ပါမယ်။ မှားယွင်းတယ်ဆိုရင်တော့လည်း ပြင်ဆင်ရမှာပေါ့။ ပြင်ဆင်ဖို့ (ရွေးကောက်ပွဲကော်မရှင်ကို) တိုက်တွန်းရမှာပေါ့”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကမူ အဆိုပါဖြစ်စဉ်ကို မသိကြောင်း ပြောသည်။ “မဲစာရင်းမှားတာတွေကတော့ နေရာတော်တော်များများ ဖြစ်နေတာ တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန်၏ လိပ်စာဖြင့် လူအများအပြားမဲစာရင်းဝင်နေခြင်းမှာ စာစီစာရိုက်အမှားသာ ဖြစ်နိုင်ကြောင်း၊ အဆိုပါ မဲဆန္ဒရှင်များထဲမှ တစ်ဦးဦးက တာဝန်ခံ၍ စာရင်းမှားယွင်းမှုကို လာရောက်ဖြေရှင်းလျှင်ပင် ပြေလည်သွားနိုင်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က ပြောသည်။
“ရည်ရွယ်ချက်နဲ့ မှားတာတော့ တစ်ယောက်မှမရှိနိုင်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။ ထို့အတူ အမည်စာလုံးပေါင်းမှား၊ မှတ်ပုံတင်နံပါတ်အနည်းငယ်လွဲ၊ လိပ်စာမှားကဲ့သို့ သေးငယ်သည့် အမှားမျိုးကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးဟုလည်း ဦးမိုးဇော်က ပြောသည်။
“ဆန္ဒမဲပေးတဲ့နေ့ကျတော့ အဲဒီမဲရုံထဲမှာ မဲရုံမှူးတွေ၊ အကူတွေကလည်း အဲဒီရွာကလူတွေပဲ။ ဆိုတော့ ဒီလူတွေ ဒီလိုဖြစ်တယ်ဆိုတာ သေချာရင် တစ်ယောက်ယောက်က သေချာတယ်ပြောရင် မဲလက်မှတ်ထုတ်ပေးမယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ညောင်ပင်ကြီးစုကျေးရွာအုပ်စုရှိ မဲရုံအမှတ် ၂ တွင် မဲပေးရမည့် မဲဆန္ဒှရှင်စာရင်းတွင် ခြောက်လုံးတန်းအိမ်ရာတွင် နေထိုင်ကြသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏နေအိမ် (A -1) မှ ၁၆ ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ နေအိမ် (A-2) မှ ၆ ဦးပါဝင်သည်။
ထို့အတူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦရွှေမန်းနေအိမ် (A-3) မှ ၂၃ ဦး၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဦးတင်အောင်မြင့်ဦး၏ နေအိမ် (A-5) မှ ၁၁ ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ နေအိမ် (A-6) မှ ၅ ဦး ပါဝင်သည်ကို တွေ့ရှိရသည်။