သတင်း

၁၀၂၇ စစ်ဆင်ရေးကို ဖိအားမပေးရန် မြန်မာအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်ကို တောင်းဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်တပ်နှင့်ဆွေးနွေးရန် အကျပ်ကိုင်မှု ဆက်မလုပ်ရန် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့အစည်းများက တရုတ်အစိုးရကို စာပို့ တောင်းဆိုထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” တွင် ကြားဝင်စေ့စပ်ဖိအားပေးခြင်း ရပ်တန့်ရန် စစ်အာဏာရှင်ဆန့်ကျင်သည့်အဖွဲ့အစည်း ၂၅၅ ဖွဲ့က တရုတ်နိုင်ငံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။

သမ္မတ ရှိကျင့်ဖျင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ တရုတ်ပြည်ကွန်မြူနစ်ပါတီတို့ကို လိပ်မူပြီး ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့်  ပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးစစ်ရေးအရ​ ကူညီအားပေးထောက်ခံခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်တပ်နှင့် ဆွေးနွေးရန် အကျပ်ကိုင်ဖိအားပေးခြင်း စသည့် လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ရန် အဓိကတောင်းဆိုထားသည်။

တောင်းဆိုသည့် ၂၅၅ ဖွဲ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုများ၊ နယ်ပယ်အသီးသီးမှ​ သမဂ္ဂများ၊ နိုင်ငံတကာရှိ မြန်မာအဖွဲ့အစည်းများ ပါဝင်သည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေချိန်တွင် တရုတ်၏ကြားဝင်စေ့စပ်မှု ပေါ်လာကြောင်း၊ တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးနေခြင်းကို လက်မခံကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပြောသည်။

“ဒီအချိန်မှာ တရုတ်နိုင်ငံရဲ့တာဝန်ရှိသူတွေက စစ်အုပ်စုရဲ့စကားကိုပဲ နားထောင်တယ်။ စစ်အုပ်စုနဲ့ အပေးအယူလုပ်ပြီးတော့မှ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ဖိအားပေးလာတာတွေ ကြားသိရပါတယ်။ ရှင်းရှင်းပဲ ပြောရရင် ဒီအခြေအနေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ၄၄ ဖွဲ့ဖြင့် စုစည်းထားသော GSCB တွင် ပါဝင်သည့် တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက Myanmar Now ကို ပြောသည်။

“ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံတာဝန်ရှိသူတွေက စစ်ကောင်စီကိုပဲ ​ဗဟိုပြုပြီး ချဉ်းကပ်နေဦးမယ်ဆိုရင် လူထုရဲ့မကျေနပ်မှု၊ ဒေါသတွေနဲ့ ထိပ်တိုက််တွေ့ရလိမ့်မယ်လို့ ပြောချင်ပါတယ်။ မြန်မာပြည်သူ တွေအတွက်က မင်းအောင်လှိုင်စစ်ကောင်စီက ဖက်ဆစ်ပါပဲ​။ ဒီတော့ မင်းအောင်လှိုင်စစ်အုပ်စု သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေ မလုပ်ဖို့ မပါဝင်ဖို့ ကျွန်တော်တို့လူထုက အလိုရှိပါတယ်”

“မြန်မာပြည်ရဲ့အချုပ်အခြာအာဏာကို လေးစားကြောင်း တဖွဖွပြောနေတဲ့ တရုတ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ တော်လှန်ရေးအခြေအနေမှန်ကို သေသေချာချာသိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့လက်ထဲကို အချုပ်အခြာအာဏာပြန်ရောက်ဖို့ အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ဖို့ တောင်းဆိုပါတယ်” ဟု သူက ဆက်ပြောသည်။

တော်လှန်ရေးအဖွဲ့၂၅၅ ဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သော မြန်မာပြည်သူများ၏ အသံနှင့် ဆန္ဒသဘောထားကို အလေးထားဂရုပြုရန်၊ တရုတ်နိုင်ငံနှင့် တရုတ်အစိုးရအပေါ် မြန်မာပြည်သူများက အမျက်ဒေါသထွက်စေပြီး နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် ယုံကြည်မှုပျက်ပြားစေမည့် လုပ်ရပ်အားလုံး ရပ်တန့်ရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို တရုတ်အစိုးရ၏ အကူညီဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဒီဇင်ဘာ ၁၁ တွင် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ အိတ်ဖွင့်ပေးစာ ပေးပို့ကာ သဘောထားထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ဆွေးနွေးပွဲတိုးတက်မှုအပေါ် မူတည်၍ ဒီဇင်ဘာလကုန်တွင် နောက်တစ်ကြိမ် တွေ့ဆုံမည်ဟုလည်း ဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကလည်း ၎င်းတို့ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် စစ်တပ်အကြား ယာယီအပစ်ရပ်ရေးသဘောတူညီမှုရခဲ့သည်ဟု ဒီဇင်ဘာ ၁၄ တွင် ထုတ်ပြောခဲ့သည်။

သို့ရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထားသလို ရက္ခိုင့်တပ်တော် (AA) ကလည်း ထိုတွေ့ဆုံမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

အောက်တိုဘာ ၂၇ နံနက်မှစတင်၍ MNDAA, TNLA, AA တို့ ပါဝင်သော “၁၀၂၇ စစ်ဆင်ရေး” ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့ရာ လက်ရှိအချိန်အထိ စစ်စခန်းပေါင်း ၃၀၀ နီးပါး သိမ်းပိုက်ထားသည်ဟု သိရသည်။

အာဏာသိမ်းမှု ၃ နှစ်ပြည့်လုနီးချိန်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကို ထိုးနှက်တိုက်ခိုက်လာနိုင်မှုအပေါ် ပြည်သူအများက တော်လှန်ရေးအလှည့်အပြောင်းတစ်ရပ်အဖြစ် မျှော်လင့်ခဲ့ကြသည်။

တော်လှန်ရေးအရှိန် မြင့်တက်လာရာ ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီက စစ်စခန်းများနှင့် မြို့များ လက်လွှတ်ခဲ့ရသည်၊ အကြမ်းဖက် နှိပ်စက်နေသည့် စစ်ကောင်စီတပ် အထိနာနေသောကြောင့် အများပြည်သူကလည်း ကျေနပ် အားရလျက်ရှိသည်။

ဤအခြေအနေတွင် တွေ့ဆုံဆွေးနွေးနေသည်ဟူသော စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာရာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း၊ စစ်ဆင်ရေး မူလရည်ရွယ်ချက်အတိုင်း စစ်အာဏာရှင်ပြုတ်ကျရေး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် ဇွန်လဆန်းကလည်း တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလားမြို့တွင် မြောက်ပိုင်း ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံခဲ့သော်လည်း ၂ ရက်မြောက်နေ့တွင် ဆွေးနွေးပွဲရပ်ဆိုင်းသွားခဲ့သည်။

Show More

Related Articles

Back to top button