
သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း၏သားဖြစ်သူ ဒေါက်တာထူးခြားအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ပဲခူးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာထူးခြားအောင် (ခ) ဦးထူးအောင်သည် တပ်မတော်ဆေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ပြည်ရွှေဘိုဟိုတယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း mvoter app တွင် ဖော်ပြထားသည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာထူးခြားအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပါတီဌာနချုပ်ကို တင်ပြပြီး ခွင့်ပြုချက်ရရှိလျှင် ပြန်လည်ဖြေကြားပေးမည်ဟု အကြောင်းပြန်ခဲ့သည်။
“စား၊ ဝတ်၊ နေ၊ ရေး ဟူသော ပြည်သူ့ဘဝ အခြေခံလိုအပ်ချက် (၄) ရပ်ကို အာမခံချက် အပြည့်အဝရရှိအောင် ဖော်ဆောင်ပေးမည်” ဟု ဒေါက်တာထူးခြားအောင်က ၎င်း၏ Facebook စာမျက်နှာမှတဆင့် မဲဆွယ်စည်းရုံးထားသည်ကို တွေ့ရှိရသည်။
ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်းသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခြင်း မရှိပေ။
ဦးအောင်မင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သော်လည်း NLD ပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။
ဦးအောင်မင်းသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သည်။
ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၂) တွင် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၉ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပဲခူးတိုင်းဥက္ကဋ္ဌ ဦးသိန်းဒန်သည်လည်း အဆိုပါမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အဆိုပါမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် သုံးသောင်းနီးပါးရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခုနှစ်သောင်းကျော်ရရှိကာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။