
ရုရှားနိုင်ငံတွင် ပြုလုပ်လျက်ရှိသည့် ကာ့ဖ်ကာဇ်- 2020 (Kavkaz-2020) စစ်ရေးလေ့ကျင့်မှုတွင် တရုတ်၊ ပါကစ္စတန်၊ ဘဲလာရုစ်နှင့် အာမေးနီးယားနိုင်ငံများနှင့်အတူ မြန်မာတပ်မတော်လည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သည့် စက်တင်ဘာ ၂၁ ရက်တွင် စစ်ရေးလေ့ကျင့်မှုစတင်ခဲ့ခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်ပြန့်ပွားမှု ဆတိုးမြင့်တက်နေချိန်တွင် စစ်တပ်က အကုန်အကျများလွန်းသည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေခြင်းအပေါ် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Justice for Myanmar က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ တရားမဝင် လက်နက်ကိုင်စုဖွဲ့မှုများနဲ့ သူတို့ရဲ့ စစ်ဆင်ရေးနယ်မြေများကို ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းနှင့် ဖျက်ဆီးပစ်ခြင်း စတာတွေ ပါဝင်တယ်လို့ ဆိုထားတဲ့အတွက် လက်နက်ကိုင်တော်လှန်မှုတွေကို တန်ပြန်ရာမှာ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာများ ပါဝင်တယ်လို့ ဆိုလိုသကဲ့သို့ ဖြစ်နေပါတယ်” ဟု Justice for Myanmar ၏ စက်တင်ဘာ ၂၂ ထုတ်ပြန်ချက်က ဆိုသည်။
စစ်ဆင်ရေးလေ့ကျင့်မှုသို့ သွားရောက်သည့် ကုန်ကျစရိတ်ကို ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ၊ ကပ်ရောဂါကာလ စီးပွားရေးအကျပ်အတည်းကြောင့် အရေးပေါ်လိုအပ်ချက်များရှိသည့် ပြည်သူများအတွက် အသုံးပြု ထောက်ပံ့ပေးသင့်သည်ဟုလည်း ယင်းအဖွဲ့က ဆိုသည်။
ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်ကို လျစ်လျူရှုထားပြီး တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်ကျူးလွန်နိုင်ရန် အထောက်အကူပြုသကဲ့သို့ ဖြစ်နေသည်ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။
တရုတ်နှင့် ရုရှား နှစ်နိုင်ငံက ဦးဆောင်ကျင်းပသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် အာမေးနီးယား၊ ဘီလာရုစ်၊ အီရန်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့မှ စစ်တပ်များ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ရုရှားနိုင်ငံတောင်ပိုင်း ကော့ကပ်ဆပ်စ်ဒေသတွင် ပြုလုပ်မည့် အဆိုပါပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၁ မှ ၂၆ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တင့်ကား ၂၅၀၊ ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်နှင့် စစ်သားပို့ဆောင်ရေးယာဉ် ၄၅၀၊ အမြောက်နှင့် ဒုံးလက်နက်အမျိုးမျိုး ၂၀၀ ခန့် အသုံးပြုပြီး လေ့ကျင့်ရေးစခန်းများတွင် လက်တွေ့စစ်ရေးလေ့ကျင့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆင်ရေးလေ့ကျင့်မှုတွင် မြန်မာတပ်မတော်သား ၃၀ ပါဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကား၍ ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံတွင် ပြုလုပ်လျက်ရှိသည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ပါဝင်သည်ကို တွေ့ရှိရသည်။
အိန္ဒိယနိုင်ငံသည် မူလက အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စီစဉ်ထားခဲ့သော်လည်း ဖျက်သိမ်းခဲ့သည်။ ရေတပ်၊ လေတပ်နှင့် ခြေလျင်တပ်များအပါအဝင် စစ်သည်အင်အား ၂၀၀ အထိ ပါဝင်ဆင်နွှဲရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်နိုင်တင်း ကပ်ရောဂါအခြေအနေကြောင့် အိန္ဒိယနိုင်ငံက ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း The Diplomat သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
Justice For Myanmar ၏ ဝေဖန်မှုနှင့် ပတ်သက်၍ ယခုစစ်ရေးလေ့ကျင့်ခန်းသို့ မြန်မာတပ်မတော် သွားရောက်ခြင်းသည် ရုရှားနှင့် မြန်မာကြား ယခင်ထက် တိုးတက်လာသည့် စစ်ဘက်ဆက်ဆံရေးကို ပြသခြင်းဖြစ်ကြောင်း တပ်မတော်၏ ဆောင်ရွက်ချက်များအပါအဝင် စစ်ရေးဆောင်ရွက်မှုများကို လေ့လာနေသည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။
“ဒီလေ့ကျင့်ခန်းဆိုတာလည်း မြန်မာ့တပ်မတော်သားတွေကို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ အရည်အချင်းတွေ ပိုမိုတိုးတက်လာအောင်၊ တပ်မတော်ရဲ့အရည်အသွေး တိုးတက်အောင် လုပ်တဲ့အပိုင်းဖြစ်ပါတယ်။ ဒီအတွက် ပိုချိုးဖောက်စရာ မရှိဘဲနဲ့ ပိုပြီးတော့ တပ်မတော်ရဲ့ အရည်အသွေးကို ပိုပြီးမြှင့်တင့်ပေးတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့သော စစ်ရေးလေ့ကျင့်မှုမျိုးသည် တပ်၏ အရည်အသွေးကို ကောင်းမွန်သည့်ဘက်သို့သာ မြှင့်တင်ပေးနိုင်ကြောင်း၊ နိုင်ငံစုံစစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာ ပူးပေါင်းဆက်ဆံရေးတစ်ခုအနေဖြင့် လုပ်သင့်သည်ဟု ထင်မြင်ကြောင်းလည်း ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။
မြန်မာတပ်မတော်သည် ရုရှားနိုင်ငံ၌ ဩဂုတ်လ ၂၃ မှ စက်တင်ဘာ ၅ အထိ ကျင်းပပြုလုပ်ခဲ့သည် International Army Games-2020 ၏ တင့်ကားတပ်ဖွဲ့ (Tank Biathlon) ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို မြန်မာ စစ်တပ်က ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုင်ငံတကာ စစ်ဘက်-နည်းပညာဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း သွားရောက်ခဲ့သေးသည်။ ခရီးစဉ်အတွင်း တပ်မတော်တွင် နံပါတ် ၂ အဆင့် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရုရှားနိုင်ငံနှင့် စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည့်နည်းတူ ရုရှားတင့်ကားတပ်မတစ်ခုကိုလည်း သွားရောက်လေ့လာခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည်လည်း ရုရှားကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားမှုကြောင့် ရုရှားနိုင်ငံစစ်ရေးပြအခမ်းအနား တက်ရောက်ရန် ဇွန်လအတွင်းက သွားရောက်ခဲ့သေးသည်။
Justice For Myanmar ၏ စက်တင်ဘာ ၁၈ ထုတ်ပြန်ချက်တစ်စောင်အရ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုအများဆုံးမှာ ရုရှားနိုင်ငံဖြစ်သည်။ ရုရှားနိုင်ငံမှ စစ်လက်နက်ဝယ်ယူမှုမှာ ငွေကြေးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၅၉၂ သန်းဖိုးရှိပြီး တရုတ်နိုင်ငံမှ ဒေါ်လာ ၁,၅၃၅ သန်းဖိုးဖြင့် ဒုတိယအများဆုံး ဝယ်ယူခဲ့ကြောင်း သိရသည်။