ရွေးကောက်ပွဲ

နှင်းဆီပါတီဥက္ကဋ္ဌရာဇဝင် မရှင်းပေးက ကိုယ်စားလှယ်လောင်း ပါတီနှင့် လမ်းခွဲမည်

နှင်းဆီပါတီဟု ခေါ်ဝေါ်ကြသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်ကို တိကျခိုင်မာစွာ ရှင်းပြပေးရန် တောင်းဆိုထားပြီး ပါတီဝင်များကို ရှင်းလင်းချက်ထုတ်ပြန်ပေးခြင်း မရှိပါက ပါတီဝင်အဖြစ်မှ နုတ်ထွက်ကာ သီးခြားရပ်တည်သွားမည်ဟု UDP ပါတီ ကိုယ်စားလှယ်လောင်းက ပြောသည်။ 

“တိကျခိုင်လုံတဲ့ဖြေရှင်းမှုကို မဆောင်ရွက်ဘူးဆိုရင် ကျွန်တော်ဆက်ပြီးတော့ မပါချင်တော့ဘူး။ သီးခြားရပ်တည်သွားမယ်။ ကိုယ့်မြို့ကိုယ့်ဒေသအတွက် တလျှောက်လုံးလုပ်လာခဲ့တဲ့လူဖြစ်တဲ့အတွက် ဘာမဟုတ်တာတွေနဲ့ ကျွန်တော့်ပုံရိပ်ကို အပျက်မခံနိုင်ဘူး” ဟု UDP ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးဂဲနက်(စ်)က ပြောသည်။ 

Myanmar NOW က ယမန်နေ့တွင် ဖော်ပြခဲ့သည့် နှင်းဆီပါတီဥက္ကဋ္ဌအကြောင်းဆောင်းပါးကို ဖတ်ရှုပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

၎င်းသည် UDP ပါတီ၏ ကချင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံလည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။ 

“ကျွန်တော် သေချာပေါက်သိထားတာက ဥက္ကဋ္ဌသည် ပန်းဆေးကျော်မြင့်မဟုတ်ဘူးဆိုတာပဲ စုံစမ်းသိထားတာ။ မြန်မာကျုံယွမ်ဆိုတာနဲ့ပတ်သက်ပြီး သိကိုမသိဘူးဗျ။ စီးပွားရေးလုပ်ငန်းစုတွေနဲ့ ပတ်သက်နေတာကို။ ဒီဟာနဲ့ ပတ်သက်ပြီး သူ့ဘက်က တစ်စုံတစ်ရာဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးဂဲနက်(စ်)က ပြောသည်။

ဦးဂဲနက်(စ်)သည် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရန် ၁၀ ရက်ခန့်အလိုတွင် UDP ပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီသုံးခုက လာရောက်ကမ်းလှမ်းခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီခေါ် UDP ပါတီသည် ကချင်ပြည်နယ်၌ ရပ်ကျေးအဆင့်မှ ပြည်နယ်အဆင့်အထိ စနစ်တကျဖွဲ့စည်းထားသည်ကို တွေ့ရှိရသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဂဲနက်(စ်)က ပြောသည်။ 

“နှင်းဆီပါတီရဲ့ ကမ်းလှမ်းချက်ကို ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကျွန်တော့်ပုံရိပ်ကို ရချင်တာ။ ငွေကြေးကမ်းလှမ်းတာ ဘာမှ မရှိဘူး။ ကျွန်တော်တောင်းဆိုတာ တစ်ခုပဲရှိတယ်။ ကျွန်တော့်ကို မထိန်းချုပ်နဲ့။ ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ဆိုရင် ဒီနေ့ဝင်၊ မနက်ဖြန်ထွက်မှာလို့ ကျွန်တော်ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့်ပတ်သက်၍ ကချင်ပြည်နယ်မှ ပါတီကိုယ်စားလှယ်လောင်း၏ တောင်းဆိုမှုနှင့် ပတ်သက်၍ ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်စွာထက်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ပါတီဝင်များက ထိုသို့တောင်းဆိုထားခြင်း မရှိဟု ဆိုသည်။ 

“ပါတီဥက္ကဋ္ဌက ပန်ဆေးကျော်မြင့်မဟုတ်ကြောင်း၊ ကချင်တိုင်းရင်းသား လချိတ်လူမျိုးဖြစ်ကြောင်း ပါတီဝင်များ လက်ခံစဉ်ကတည်းက ပြောဆိုထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဦးဂဲနက်(စ်)ကို ထပ်မံဆက်သွယ်ရာတွင် “ပါတီတွင်းကိစ္စဆိုတော့ သူတို့ပြောမှာ မဟုတ်လောက်ဘူး” ဟု ဆိုသည်။ 

ဦးဂဲနက် (စ်) ၏ UDP ပါတီကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင်

ဦးဂဲနက်(စ်)သည် သိမ်းဆည်းခံမြေယာများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေ့နေများကွန်ရက် အဖွဲ့ဝင်တစ်ဦးလည်းဖြစ် သည်။ 

ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူးငှက်ပျော၊ ရေကာတာစီမံကိန်းကဲ့သို့သော တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ကန့်ကွက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

“ဒေသခံတွေက ဘယ်ပါတီကနေပဲပြိုင်ပြိုင် ပြည်နယ်လွှတ်တော်ကပြိုင်မှာဖြစ်တဲ့အတွက် ပါတီကိုကြည့်မှာ မဟုတ်ဘူး။ အလုပ်ကိုပဲကြည့်မှာ ရွေးမှာဖြစ်တဲ့အတွက် ပါတီနဲ့ တွဲမြင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အစိုးရဖွဲ့ချင်တဲ့ ပါတီကို အစိုးရဖွဲ့နိုင်အောင်မဲထည့်မယ်။ ဆရာ့ကို ပြည်နယ်အတွက်ထည့်မယ်လို့ တိုင်ပင်ပြီး ခက်ခက်ခဲခက်ဆုံးဖြတ်ခဲ့တာ” ဟုလည်း ဦးဂဲနက်(စ်) က ပြောသည်။ 

နှင်းဆီပါတီသည် ကချင်ပြည်နယ်သို့ ၂၀၁၈ ခုနှစ်တွင် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စများ ဆောင်ရွက်သည့်အခါ ရပ်ကျေးစည်းရုံးရေးမှူးများကို ငွေကျပ်သုံးသောင်းမှ ငါးထောင်းအထိ ထောက်ပံ့လေ့ရှိသည်ဟု ဆိုသည်။ 

နှင်းဆီပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အပြိုင် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၇၀ လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅ နေရာခန့် အနိုင်ရရှိရန် ရည်မှန်းထားသည်ဟု ဦးဂဲနက်(စ်) က ပြောသည်။ 

ဝင်ရောက်ယှဉ်ပြိုင်ထားသည့် မဲဆန္ဒနယ်များအနက် ရွှေကူ၊ ဆော်လော၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဆွမ်းပရာဘွမ်နှင့် မြစ်ကြီးနားမြို့နယ်တွင် အနိုင်ရနိုင်ခြေရှိသည်ဟု ဆိုသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒေသခံနိုင်ငံရေးပါတီဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီက မဲဆန္ဒနယ် ၆၇ ခုစီဖြင့် ကချင်ပြည်နယ်တွင် ဒုတိယအများဆုံးပြိုင်ကြမည်ဖြစ်သည်။

နှင်းဆီပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

Show More

Related Articles

Back to top button