
မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ၏နေအိမ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် အင်အားသုံးဖျက်ဆီးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားသူ ၃၀၀ ဦးခန့်က ရွာအတွင်းလှည့်လည်ပြီး ပြန်အထွက်တွင် ၎င်း၏နေအိမ်ကို ဖျက်ဆီးခဲ့သဖြင့် မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းသို့ တိုင်ကြားထားကြောင်း ညောင်ကိုင်းကျေးရွာမှ ဒေါ်ခင်မာလေးက ပြောသည်။
“အိမ်မှာ NLD( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အောင်နိုင်ရေးသီချင်းဖွင့်ထားတယ်။ NLD အလံ ထောင်ထားတယ်။ ရွာထဲဝင်ပြီး စလှည့်နေတုန်းက ဘာမှမဖြစ်ဘူး။ ပြန်အထွက်မှာ ခဲတွေနဲ့ ဝိုင်းပစ်ခံရတယ်” ဟု ဒေါ်ခင်မာလေးက Myanmar Now ကိုပြောသည်။
ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးပါဝင်သူများ၏ အင်အားသုံးဖျက်ဆီးမှုကြောင့် တစ်ထပ်တိုက်နေအိမ်နှင့် ခြံဝင်းအတွင်းရှိ ထရံကာနေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး NLD ပါတီနှင့် ထောက်ခံသူများကို ဆဲဆိုခြင်း၊ NLD အလံလွှင့်ထူထားသည့် ဝါးလုံးတိုင်ကို ရိုက်ချိုးခြင်း၊ နေအိမ်ကို မီးရှို့မည်၊ ဖြိုဖျက်မည်၊ သတ်ပစ်မည်ဆိုကာ ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဒေါ်ခင်မာလေးက ပြောသည်။
မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်း၌ နေအိမ်ဖျက်ဆီးခံရသူ ဒေါ်ခင်မာလေးက တိုင်ချက်ဖွင့်ခဲ့ရာတွင် ညောင်ကိုင်းရွာမှ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးလေးဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၁၀ ဦး၏ အမည်များ ပါဝင်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး၏ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါက်တာမောင်သင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ကြားသိရသည်မှအပ တိကျစွာသိရှိထားခြင်း မရှိသေးကြောင်းဆိုသည်။
“ဟိုဘက် (NLD) က အမှုဖွင့်ထားတယ်လို့ပြောတယ်။ ဒီဘက်က (ပြည်ခိုင်ဖြိုး)လည်းစွဲမယ်။ နှစ်ဦးနှစ်ဖက်စွဲမယ်လို့တော့ ပြောနေကြတာပဲ။ ဂဃနဏတော့ မသိသေးဘူး” ဟု လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာမောင်သင်းက ပြောသည်။
မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင် ဦးအောင်သင်းနိုင်ကမူ ညောင်ကိုင်းကျေးရွာအတွင်းသို့ ၎င်းတို့ပါတီ၏ မဲဆွယ်ယာဉ်တန်း စတင်ဝင်ရောက်စဉ်ကပင် ဒေါ်ခင်မာလေး (NLD ဝန်းရံသူများ) တို့ဘက်မှ စတင်နှောင့်ယှက်ခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးမဲဆွယ်သူများဘက်တွင်လည်း ဒဏ်ရာရသူများရှိကြောင်း ပြောသည်။
“သူတို့က အဲဒီလိုလုပ်လိုက်တော့ ဒီဘက်ကလူအုပ်ကြီးက မခံနိုင်တော့ ခဲတွေနဲ့ ထုကြတာပေါ့” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သင်းနိုင်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးသူများဘက်ကလည်း ရဲစခန်းတွင် အမှုပြန်လည်ဖွင့်လှစ်မည်ဖြစ်သော်လည်း ပါတီအနေဖြင့် ပါဝင်ရန်မရှိဟု ဦးအောင်သင်းနိုင်က ဆိုသည်။

အခင်းဖြစ်ပွားရာ ညောင်ကိုင်းကျေးရွာနေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးအဖွဲ့ဝင် ကိုငြိမ်းချမ်းဦးကို ယမန်နေ့ညကတည်းက မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိ တွေ့ခွင့်မရသေးကြောင်း ကိုငြိမ်းချမ်းဦး၏ ဇနီးဖြစ်သူ မလင်းလင်းပြည့်က Myanmar Now ကို ပြောသည်။
ကိုငြိမ်းချမ်းဦးအပြင် ညောင်းကိုင်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းထွေး၊ ကိုစန်း၊ ဦးပါကြီး၊ ဦးဝင်းထွန်းနှင့် ဦးဖိုးသောကြာတို့လည်း ဖမ်းဆီးခံထားရပြီး ၎င်းတို့အားလုံးမှာ ရန်ပွဲမဖြစ်ပွားစေရန် တားဆီးပေးခဲ့သူများဖြစ်ကြောင်း မလင်းလင်းပြည့်က ပြောသည်။
“သူတို့(ဒေါ်ခင်မာလေး)က ဆိုင်းတွေ၊ ဗုံတွေနဲ့ တီးပြီးတော့ ရွဲ့ပြီးတော့ လမ်းလယ်ကောင်ကြီးမှာ ဆိုင်ကယ်တွေကားတွေကို မဖယ်ပေးဘူး။ အဲဒီမှာ (ပြည်ခိုင်ဖြိုးဘက်မှ) ကောင်လေးက ဆိုင်ကယ်သွားဖို့ လုပ်တဲ့ဟာကို သူတို့အလံကြီးက ကောင်လေးဆိုင်ကယ်ကြားထဲကို ဝင်သွားလို့ အလံကို ဖယ်လိုက်တာ။ အဲဒါကို အလံချိုးပါတယ်ဆိုပြီး သူတို့က အရင်စထိုးတာ” ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်လှုပ်ရှားသူများ ကျေးရွာမှအပြန်အထွက်တွင် ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ထိုဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ညောင်ကိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။
“ထွက်တဲ့အချိန်မှာ ရွာပေါက်အထွက်ကနေ ၁၀ တောင်လောက်ရှိတဲ့ ဝါးလုံးအရှည်နဲ့ ခွပ်ဒေါင်းအလံကြီးနဲ့ ပိတ်ထားလိုက်တယ်။ NLD ထောက်ခံသူတွေရဲ့ အိမ်ရှေ့မှာဖြစ်တာ။ ပြည်ခိုင်ဖြိုးဘက်က ရှေ့ဆုံးကလာတဲ့ဆိုင်ကယ်က အဲဒီအလံကြီးမပြီး လက်နဲ့ဖယ်ပြီး အောက်ကနေ ငုံ့ထွက်တယ်။ အဲဒီအချိန်မှာ စဖြစ်တာပဲ” ဟု ဆရာတော်ဦးတေဇနိယက မိန့်သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာတွင် ပါဝင်ခဲ့သူ ၁၇ ဦးအနက် ၆ ဦးသာ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိထားသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရှိကြောင်း ညောင်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် ‘လုပ်ငန်းများဆောင်ရွက်နေ၍ နားချိန်ရောက်မှ အသေးစိတ်ပို့ပေးမည်’ ဟု အဆိုပါရဲစခန်းမှ ဒုရဲအုပ်သိပ္ပံက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအချိန်တွင် တိုင်တန်းချက်တစ်စုံတစ်ရာ မရရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
“ရဲအရေးပိုင်တဲ့အမှုပဲ။ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား၊ ဒါပဲရှိပါတယ်။ ဒီထက်ပိုကျူးလွန်လာရင် (ရွေးကောက်ပွဲ) မတရားပြုကျင့်မှုဆိုရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲက ဆုံးဖြတ်ပါတယ်” ဟု ၎င်းက ပြောသည်။
မိတ္ထီလာမြို့တွင် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေး လှည့်လည်မှုအတွင်း သာသနာ့အလံသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း၊ အခြားပါတီထောက်ခံသူများကို ရန်စနှောင့်ယှက်ခြင်းခဲ့ခြင်းများကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရပြီး ဖြစ်သည်။